မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးဆယ်ခုတွင် မိုးကြီးနိုင်ပြီး ရေကြီးခြင်းနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်

Published on Aug 26, 2022

🖋လင်းခိုင်

မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးဆယ်ခုတွင် မိုးကြီးနိုင်ပြီး လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း MA-ON၏ အကြွင်းအကျန်များ ရွေ့လျားဝင်ရောက်လာသည့်အတွက် ဩဂုတ်လ ၂၆ ရက် ညနေပိုင်းမှ စတင်၍ ဩဂုတ်လ ၂၇ ရက် နံနက်ပိုင်းအထိ လားရှိး၊ ကွန်လုံ၊ ကွတ်ခိုင်နှင့် မိုင်းတုံဒေသအတွင်း မိုးသည်းထန်မည့် အခြေအနေကြောင့် ရေကြီးခြင်း၊ တောင်ပြိုခြင်းများဖြစ်ပေါ်နိုင်ပါတယ်”ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကပြောကြားသည်။

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီပြည်နယ်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “မ-အွန်” (Ma-on) သည် အနောက်မြောက်ဘက်သို ရွေ့လျားခဲ့ပြီး ကွမ်ရှီပြည်နယ်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေကြောင်း အဆိုပါ အပူပိုင်းမုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊  ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း မိုးဇလကထုတ်ပြန်ထားသည်။  

အဆိုပါ အပူပိုင်းမုန်တိုင်း “မ-အွန်” (Ma-on)၏ အရှိန်ကြောင့် သြဂုတ် ၂၅ညပိုင်းမှ ၂၈ရက်အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

ယင်းကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မ (၇၇-မီလီမီတာ) နှင့်အထက်လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်(၂၄)နာရီအတွင်း မိုးရေချိန် (၁.၅) လက်မ (၃၈-မီလီမီတာ) နှင့်အထက်လည်းကောင်း ရွာသွန်းနိုင်သည့်အတွက် လျှက်တစ်ပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်းများကို သတိပြုရန် မိုးဇလက ထုတ်ပြန်ထားသည်။