မုန်တိုင်းကြောင့် ရေလွှမ်းနေတဲ့ ဘုရားကျောင်းထဲမှာ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ

ဝီဖာမုန်တိုင်းကြောင့် ဆိုးရွားတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နေပေမဲ့ ဖိလစ်ပိုင်စုံတွဲတစ်တွဲဟာ ဇူလိုင်လ ၂၂ ရက်နေ့က ဘူလာကန်ပြည်နယ်၊ မာလိုလော့စ်မြို့က သမိုင်းဝင် ဘာရာဆိုအိန်း ဘုရားကျောင်းမှာ သူတို့ရဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။
မုန်တိုင်းကြောင့် မုတ်သုံမိုးဟာ ပိုအားကောင်းခဲ့ပြီး ဘုရားကျောင်းအတွင်း ဒူးခေါင်းအထိမြုပ်တဲ့ ရေတွေဝင်ရောက်ခဲ့ပါတယ်။
ဂျိတ်ရစ်ခ် ဗာဒီလို နဲ့ ဂျမေကာ အဂီလာတို့ဟာ သူတို့ မင်္ဂလာပွဲကို ရွှေ့ဆိုင်းဖို့ ငြင်းဆန်ခဲ့ပြီး မုန်တိုင်းဝင်နေပေမယ့် မူလ သတ်မှတ်ရက်အတိုင်း မင်္ဂလာပွဲကို ကျင်းပခဲ့ကြတာပါ။
သတို့သမီးဟာ ရေလွှမ်းနေတဲ့ လူသွားလမ်းအတိုင်း လျှောက်လှမ်းခဲ့ချိန်မှာ သူ့ရဲ့မင်္ဂလာဝတ်စုံက ရေထဲမှာ ပေါလောပေါ်နေခဲ့ပါတယ်။
သတို့သား ဗာဒီလိုက “ဒါက စွန့်လွှတ်အနစ်နာခံမှုတစ်ခုပါ၊ ဒါပေမဲ့ ကျွန်တော်တို့သာ ဒီပွဲကို ရှေ့မဆက်ခဲ့ရင် ဒီထက်ပိုကြီးတဲ့ အနစ်နာခံမှုတွေ ရောက်လာနိုင်ပါတယ်ဆိုပြီး ပြောကြားခဲ့သေးတယ်လို့ သိရပါတယ်။
၁၀ နှစ်ကြာ အတူရှိခဲ့တဲ့ ဒီစုံတွဲဟာ ဒီအခိုက်အတန့်ကို ခိုင်မြဲတဲ့အချစ်ရဲ့ သင်္ကေတတစ်ခုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။ မင်္ဂလာပွဲကို တက်ရောက်လာတဲ့ ဧည့်သည်တွေကလည်း ရေထဲကို ဖြတ်ပြီး အခမ်းအနားကို လာရောက်ကြည့်ရှုခဲ့ကြပြီး၊ ဧည့်သည်တစ်ဦးကတော့ ဒါဟာ အချစ်က ဘယ်လိုမုန်တိုင်းကိုမဆို ကျော်လွှားနိုင်ကြောင်း သက်သေပြခဲ့တဲ့ “ထူးခြားအံ့ဩဖွယ်ရာ မင်္ဂလာပွဲ” တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Source – CNN
ဓာတ်ပုံ – AP