မုဒိန်းမှုကျူးလွန်ခဲ့သည့် AA ရဲဘော်နှစ်ဦးကို ထောင်ဒဏ် အနှစ် ၂၀နှင့် ကြိမ်ဒဏ် အချက် ၃၀ ဖြင့် အရေးယူခဲ့ကြောင်း ထုတ်ပြန်

Author မွန်လေး
Categories
Published on Oct 20, 2022

မုဒိန်းမှုကျူးလွန်ခဲ့သည့် AA ရဲဘော်နှစ်ဦးကို ထောင် ဒဏ် အနှစ် ၂၀နှင့် ကြိမ်ဒဏ် အချက် ၃၀ ဖြင့် အရေးယူခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA ကယနေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ နေ့လည် ၁ နာရီ မိနစ် ၃၀၀ တွင် ရက္ခိုင့်တပ်တော်မှ တပ်သား အဆင့်ရှိ ရဲဘော်နှစ်ဦးသည် ဘူးသီးတောင်မြို့နယ်၊ ကျောင်းတော်ကျေးရွာအုပ်စုနေ အသက် ၃၀ အရွယ် အိမ်ထောင်သည် အမျိုးသမီး တစ်ဦးကို လက်နက် အားကိုးဖြင့် အဓမ္မပြုကျင့်သည်ဟု ကျူးလွန်ခံရ သူက တိုင်တန်းခဲ့သည့်အတွက် အမှုအား စစ်ခုံရုံးဖွဲ့ပြီး စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရားခံနှစ်ဦး၊ ကျူးလွန်ခံရသူမိသားစု၊ အခင်းဖြစ် ပွားရာအနီး ပတ်၀န်းကျင်မှ သက်သေအချို့အား ဆယ်ရက်ခန့် စစ်ဆေးပြီနောက် ကျူးလွန်သူနှစ်ဦးလုံး ပြစ်မှုမြောက်ကြောင်း ထင်ရှားသည့်အပြင် တပ်ဖက်ဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေး အထူးတားမြစ်ချက်ကို ချိုးဖောက်ထားကြောင်း၊ အဆိုပါ တပ်မတော်သားနှစ်ယောက်သည် အမှန်တကယ် အဓမ္မပြုကျင့်ခဲ့သည်ကိုလည်း ၀န်ခံထွက်ဆိုခဲ့သည် ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူ တပ်သားနှစ်ဦးကို တပ်တော်၏ စစ်ဥပဒေနှင့်အညီ အောက်တိုဘာ ၂၀ ရက်တွင် ပြစ်မှုနှင့် ထိုက်တန်သည့် ပြစ်ဒဏ်ကို နစ်နာသူ မိသားစု၀င်များ၊ ကျေးရွာခေါင်းဆောင်အချို့နှင့် ဘာသာရေးခေါင်းဆောင်အချို့တို့၏ ရှေ့မှောက်၌ အလုပ် ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ အပြင်ကြိမ်ဒဏ်အချက် ၃၀ ကိုပါ စီရင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရက္ခိုင်ပြည်သူ့ အစိုးရသည် အာရက္ခဒေသအတွင်း ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆိုကျောသား၊ ရင်သား၊ လူမျိုး ဘာသာမခွဲခြားဘဲ သတ်မှတ်ပြဌာန်းထားသည့် ဥပဒေနှင့်အညီ စီရင်ဆောင်ရွက်လျက်ရှိသည်ဟု AA ကထုတ်ပြန်ထားသည်။