မီးမလာလို့ အလုပ်ပိတ်ရတဲ့ရက်ကို အစားထိုးဆင်းဖို့ စက်ရုံမှခိုင်းစေမှုကြောင့် အလုပ်သမား ၇၀၀ကျော်ဆန္ဒပြ

Author CJ-001
Categories
Published on Sep 23, 2022

လျှပ်စစ်မီးမလာ စက်ရုံ၏ မီးစက်ပျက်နေခြင်းကြောင့် အလုပ်ပိတ်လိုက်ရပြီး လုပ်သားများကို လွှတ်ခဲ့ရသည့် နေ့အစား အလုပ်ပိတ်ရက်ကို အစားထိုးအလုပ်ဆင်းရန် ခိုင်းစေမှုကြောင့် အလုပ်သမား ၇၀၀ကျော်မှ ဆန္ဒပြတောင်းဆိုမှု တစ်ခုဖြစ်ပွားခဲ့သည်။

O`NEILL/ZR ကုန်အမှတ်တံဆိပ်များကို ချုပ်လုပ်နေသည့် ရွှေလင်ဗန်းစက်မှုဇုန်ရှိ Creative Sewing Garment ၌ စက်တင်ဘာလ ၂၀ရက်နေ့တွင် အလုပ်သမားများ အလုပ်လာဆင်းသော်လည်း စက်ရုံမှ မီးမလာသောကြောင့် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကာ ပြန်လွှတ်ပေးခဲ့ပြီးနောက် ယနေ့ စက်တင်ဘာလ ၂၃ရက်နေ့တွင် စက်ရုံ၏ HR မန်နေဂျာမှ မီးမလာ၍ အလုပ်ပိတ်ခဲ့ရသည့် ရက်အတွက် လာမည့် စနေနေ့နှင့် နောက်အပါတ်စနေနေ့များတွင် အစားထိုးအလုပ်ဆင်းရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်။

“အလုပ်သမားတွေက အကုန်လုံးက အလုပ်လာတယ်၊ သူတို့က မီးပျက်နေတယ်ဆိုပြီး အတော်ကြာကြီး စက်ရုံမှာ စောင့်ခိုင်းပြီးမှ ပြန်လွှတ်တာ၊ ဒါကို အစားထိုး ဆင်းပေးရမယ်ဆိုတာ မဖြစ်သင့်ဘူး၊ ညှိနှိုင်းနေတုန်းရှိတယ် အဆင်မပြေသေးဘူး”ဟု အဆိုပါ စက်ရုံရှိ လုပ်သားတစ်ဦးမှ ပြောသည်။

Creative Sewing Garment အထည်ချုပ်စက်ရုံ၏ လုပ်သားအခွင့်ရေးချိုးဖောက်မှုများကိုလည်း မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)စစ်ဆေး အတည်ပြုနေလျှက်ရှိပြီး မကြာမှီဖော်ပြသွားမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။