မီးပုံမှန်မလာ၍ လျှပ်စစ်ကားနေရာတွင် ဘထ္ထရီကားဟု အမည်ပြောင်းရန် စစ်ကောင်စီက အမိန့်ထုတ်

Author ကိုပေါက်
Categories
Published on Nov 23, 2022

မီးပုံမှန်မလာ၍ လျှပ်စစ်ကားဆိုသည့် အမည်အား ဘထ္ထရီကားဟု အမည်ပြောင်းလဲရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့သည်ဟု ဝန်ကြီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ရန်ကုန်မြို့မှအပ နေ့စဉ် လျှပ်စစ်မီး ၆နာရီခန့်သာ အများဆုံး ရရှိနေသည့်အပြင် လျှပ်စစ်ကားဆိုသည့် စကားရပ်အား လှောင်ရီမှုများ များပြားနေသဖြင့် ယခုကဲ့သို ပြောင်းလဲ ခေါ်ဝေါ်ရန် အမိန့်ထုတ်ပြန်ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်။

“နေပြည်တော်က အားသွင်းတဲ့နေရာ တည်ဆောက်နေတဲ့ကိစ္စတောင် ရပ်နားထားရတယ် မီးပုံမှန်လာဖို့ မဖြစ်နိူင်ဘူး နေပြည်တော် အရာရှိကြီးတွေနေတဲ့ နေရာကလွဲရင်”ဟုပြောသည်။

လျှပ်စစ်သုံးကား ၅၀ စီး တပြိုင်နက်တည်း အားသွင်းနိုင်သည့် နေရာ ၅ ခုဖြစ်သည့် အမှတ် ၃ လမ်းဆုံ၊ ဖြူး ၁၁၅ မိုင်၊ နေပြည်တော်စီလမ်းဆုံ၊ သီးကုန်း ယာဉ်ရပ်နားရာနေရာ၊ စကားအင်းလမ်းဆုံတို့တွင် အားသွင်းနေရာ တည်ဆောက်သည့် ကိစ္စကိုလည်း လျှပ်စစ်မီး ပုံမှန် မရရှိခြင်း ပညာရှင်များ မရှိခြင်းကြောင့် ရပ်နားထားရသည်ဟု နေပြည်တော်အသိုင်းအဝိုင်းက သိရသည်။

စစ်ကောင်စီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အမိန့်စာအမှတ် ၄၈/၂၀၂၂ ဖြင့် သွင်းကုန်ထုတ်ကုန်ဥပဒေတွင် လျှပ်စစ်ကား ဆိုသည့်စကားရပ်တွင် ဘထ္ထရီကားဆိုသည့် စကားကို ပြောင်းလဲ ပြင်ဆင်ခဲ့တာဖြစ်သည်ဟု အခွန်ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“မဖြစ်နိူင်ဘူးလေ မီးက ၂၄ နာရီမှာ ၁၂ နာရီလောက်ပျက်ပြီး ၄ နာရီလောက်ပဲလာတာ ဘယ်လိုလုပ် လျှပ်စစ်ကားတင်သွင်းနိူင်မလဲ၊ ဖြစ်နိုင်တာတော့ ကလေးတွေစီးတဲ့ ဘထ္ထရီကားဆို ဖြစ်နိုင်တယ် ဒါတောင် မီးပျက်ပျက်နေလို့ ကလေးက ဆော့ရမှာ မဟုတ်ဘူး”ဟု ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မှ ပြီးခဲ့သည့်လတွေက လျှပ်စစ်ကားတင်သွင်းခွင့်ကို ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ဥက္ကဌအဖြစ် ဦးဆောင်ကာ စေခိုင်းခဲ့တာဖြစ်ပြီး မဖြစ်နိူင်သည့်ကိစွကို ပြုလုပ်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ များပြားခဲ့သည်။

ဓာတ်ပုံ- Google
ပုံစာညွှန်း- ကလေးငယ်များ ဆော့ကစားသည့် ဘထ္ထရီကားပုံအား အသုံးပြုထားပါသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #လျှပ်စစ်ကား #ဘထ္ထရီကား