မီးခဏပိတ်၍ မီးလုံးလဲနေသည့် ခမရ ၁၁ မှ တပ်ကြပ်တစ်ဦး မီးသပိတ်တွင် ပါဝင်သည်ဟုဆိုကာ အချုပ်ချခံထားရ

Author ကိုပေါက်
Categories
Published on Oct 29, 2022

လှည်းကူးမြို့ အင်းတိုင်ရှိ ခမရ ၁၁ တပ်ရင်းတွင် မီးခဏပိတ်၍ မီးလုံးလဲနေသည့် တပ်ကြပ်တစ်ဦးကို မီးပိတ်သပိတ်တွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးအချုပ်ချထားကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

လှည်းကူးမြို့ အင်းတိုင်ကျေးရွာရှိ အမှတ် ၁၁ ခြေမြန်တပ်ရင်းတွင် ယမန်နေ့ ည ၈နာရီ၃၀မိနစ်ကျော်က အိမ်ထောင်သည်လိုင်ခန်းမှ တပ်ကြပ်တစ်ဦး၏ နေအိမ်၌ မီးပိတ်ထား၍ မီးသပိတ်တွင် ပါဝင်သည်ဟု ဆိုကာ ဖမ်းဆီးအချုပ်ချထားသည်ဟု ခမရ ၁၁ နှင့်နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်။

“ညနေကတည်း မီးလုံးမကောင်းလို့လဲမလို့ ဝယ်ထားတာ ညကမှ မီးသီးကျွမ်းသွားလို့ မီးလုံးလဲနေတာ အဲ့ဒါကို မီးသပိတ်မှာပါတယ်ဆိုပြီး ဖမ်းပြီး အချုပ်ချထားတာ တပ်ခွဲတပ်ကြပ်ကြီးက တင်ပြထားပါတယ်”ဟု ပြောသည်။

လက်ရှိအခြေအနေထိ ဖမ်းဆီးခံရသည့် တပ်ကြပ်တစ်ဦးကို အရေးယူအပြစ်ပေးခြင်းတစ်စုံတစ်ရာမရှိသေးဘဲ စစ်ဆေးမှုများပြုလုပ်သွားမည်ဟု ခမရ ၁၁ နှင့် နီးစပ်သူတွေဆီက သိရသည်။

ယမန်နေ့ညက ရန်ကုန်ရှိ ခြေလျင်နှင့်ခြေမြန်တပ်ရင်များတွင်လည်း တပ်တွင်း မီးသပိတ်တွင်ပါဝင်သူများကို စောင့်ကြည့်သတင်းပေးပို့ရန် တပ်ရင်းမှူးများက မှာထားသည်ဟု စစ်မှုထမ်းဟောင်းအချို့ဆီက သိရသည်။

ဖားကန့် အနန့်ပါရှိ KIA စခန်း ပစ်ခတ်ခံရမှုတွင် ကျဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အနေဖြင့် ယမန်နေည (၈) နာရီ (၃၀) မိနစ်မှ (၄၀) မိနစ်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးသပိတ်လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာဖြစ်သည်။

ဖားကန်းမြို့နယ်တွင် အောက်တိုဘာလ ၂၃ ရက် ည ၈ နာရီ က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်က လေယာဉ်သုံးစီးဖြင့် ပစ်ခတ်ခဲ့ရာ ကချင်အနုပညာရှင်များ အပါအဝင်ပြည်သူ ရှစ်ဆယ်နီးပါးသေဆုံးခဲ့သည်။