မိုးဗြဲ ၄ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီကြောင့် အရပ်သားနေအိမ် ၁၀၀ကျော်ပျက်စီးခဲ့

Author ခေတ်နီ
Categories
Published on Sep 12, 2022

ရှမ်း ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ၄ရက်တာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများကြောင့် အရပ်သားနေအိမ် ၁၀၀ထက်မနည်း ပျက်စီးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများအတွင်းမှာ စစ်ကောင်စီတပ်၏ လေကြောင်းပစ်ကူနှင့် လက်နက်ကြီး အလွန်အကျွံ့အသုံးပြုမှုများကြောင့် ယမန်နေ့တရက်တည်းတင် မိုးဗြဲမြို့နယ်ထဲက ပွဲကုန်း (၁) (၂) (၃) ရပ်ကွက် နေအိမ်အလုံး ၄၀ ထက်မနည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ပြီး၄ ရက်တာကာလအတွင်း နေအိမ် အလုံး ၁၀၀ ထက်မနည်း ပျက်စီးခဲ့တာဖြစ်ကြောင်း သိရသည်။

ထို့အပြင်  စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အသက် ၇နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကာ အရပ်သား ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးသည်။

အဆိုပါတိုက်ပွဲများအတွင်းမှာ စစ်ကောင်စီဘက်က ၆၀ဦးထက်မနည်းသေဆုံးခဲ့ကြီး ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦးကျဆုံးကာ စစ်ကောင်စီ၏ လက်နက်ခဲယမ်းများကို ကရင်နီပူးပေါင်းအဖွဲ့များက သိမ်းဆည်းရမိခဲ့သည်။

လက်ရှိမှာတော့ ၅ ရက်မြောက်နေ့အထိ အခြေအနေများတင်းမာလျက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့များက မိုးဗြဲဘုရားကျောင်းတွင် ဆက်လက်တပ်စွဲနေတာကြောင့် ပြည်သူများအနေဖြင့် မိုးဗြဲ -ဖယ်ခုံလမ်းအား အသွားအလာ မပြုလုပ်ကြရန်ကိုလည်း PKPFကမေတ္တာရပ်ခံထားသည်။