မိုးနဲမြို့နယ်တွင် အရက်မူးသမားတစ်ဦးက ၃နှစ်အရွယ်ကလေးငယ်အပါအပဝင် မိသားစုဝင်သုံးဦးကို ဓားဖြင့်ခုတ်သတ်

Author အောင်နိူင်သူ
Categories
Published on Sep 03, 2022

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် တွင် ယမန်နေ့ ညနေပိုင်းက အရက်မူးနေသူတစ်ဦးက မိသားစုဝင်သုံးဦးကို ဓားဖြင့်ခုတ်သတ်ခဲ့မှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

လွိုင်မြေရပ်ကွက်တွင် ယမန်နေ့ညနေပိုင်းက သားအစ်မိသုံးဦးကို တစ်ရပ်ကွက်တည်းနေသူ အမျိုးသားတစ်ဦးမှ ဓားဖြင့်ခုတ်သတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အရက်မူးတာရော ဆေးကြောင်တာရော ဖြစ်မှာပေါ့ သုံးနှစ်ကလေးတောင် မချန်ဘူး ဓားနဲ့ခုတ်သတ်တာ နှစ်ဦးကပွဲချင်းပြီးသေတယ် တစ်ဦးက ဆေးရုံရောက်မှ သေတာ”ဟုရှင်းပြသည်။

သေဆုံးသူသုံးဦးမှာ နန်းဆွမ့်(ခ)နန်းဟွမ်ငင်း၊ပါဆုနှင့်အသက်သုံးနှစ်အရွယ် စိုင်းမွမ်းဆိုင်တို့ဖြစ်ပြီး နန်းဆွမ့်(ခ)နန်းဟွမ်ငင်းနှင့်စိုင်းမွမ်းဆိုင်တို့နှစ်ဦးမှာ အခင်းဖြစ်ရာနေရာတွင်ဆေးရုံပြီး ပါဆုမှာ မိုးနဲမြို့နယ်ဆေးရုံသို့ပို့ဆောင်စဥ်သေဆုံးသွားတာဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“သတ်တဲ့သူကိုမနေ့ညကပဲ ဖမ်းမိတယ် ရပ်ကွက်ကရော ရဲတွေရော ပေါင်းပြီးဖမ်းတာ အခုရဲစခန်းမှာ”ဟု ပြောသည်။

မိသားစုဝင်သုံးဦးကို အကြောင်းမဲ့ဓားဖြင့်ခုတ်သတ်ခဲ့သူ ဦးလုံးကုနအား မိုးနဲမြို့မရဲစခန်းမှ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေသည်ဟု မြို့ခံတွေဆီက သိရသည်။