မိုးကုတ်မြို့ပေါ်ကို စစ်အုပ်စုဗုံးကြဲလို့ လူဒါဇင်ချီ အစုလိုက်အပြုံလိုက် သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ် ကို စစ်အုပ်စုက ဒီနေ့ ဩဂုတ် ၂ရက်နေ့ မနက်၈နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၃ဦးသေဆုံးပြီး ၂၀ဦးကျော်ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရ ပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်အုပ်စု၊ အောင်သုခနဲ့ ဂေါင်းဦးဘာကွက်သစ်ရပ်ကွက် က လူစည်ကားရာနေရာကို ဗုံး၂လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုများတယ်လို့ သိရပါတယ်။
ဒေသခံတချို့ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေမှာလည်း ဗုံးကြဲခံရလို့ သေဆုံးသူအချို့ဟာ ခန္ဓာကိုယ် အစိတ်ပိုင်းတွေ ပြတ်တောက်နေတာကို တွေ့ရပါတယ်။
“အခုထိ အလောင်းတွေ အကုန်သယ်မနိုင်သေးဘူး။ ခုတွေ့ထားတာထက်ကို များလာနိုင်ချေရှိသေးတယ်။ လူနာတင်ကားတွေ တစ်စီးပြီးတစ်စီး ထွက်နေတာတွေ့တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ၂၉ရက်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်တပ်က ၃ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား၃ဦးသေဆုံးပြီး ၁၈ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNlAကထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့ကို တအောင်းတပ်မတော်TNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ခုနှစ် ဇွန်လကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး မြို့ကိုပြန်ရဖို့ စစ်အုပ်စုက မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာပါ။
အခုနှစ် ဇူလိုင်လအတွင်းကို စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ၁၅ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – Kind Max’s Facebook