မိုခါမုန်တိုင်းအလွန် ရခိုင်ပြည်နယ်

Author ထက်ကြီး
Categories
Published on May 30, 2023

နာဂစ်မုန်တိုင်းအပြီး အင်အားပြင်းစွာထပ်မံ တိုက်ခတ်ခဲ့သည့် မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့က မြို့နယ်အတော်များများသည် စစ်အာဏာသိမ်းမှုဒဏ် အပြင် ယင်းမုန်တိုင်းဒဏ်ကိုပါ ခါးစည်းခံစားခဲ့ကြရသည်။

၂၀၂၃ခုနှစ် မေလ ၁၄ရက်က ဝင်ရောက်တိုက်ခတ်ခဲ့သည့် အဆိုပါမိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်သည် အခြားသောပြည်နယ်/တိုင်းများထက် ထိခိုက်ခံစားရမှု ပိုများသည်။

မုန်တိုင်းတိုက်ခတ်အပြီး ၁၁ရက်မြောက်နေ့အထိ မြင်တွေ့ခဲ့ရသော မြင်ကွင်းများအရ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံစားခဲ့ရသည့် စစ်တွေမြို့မြင်ကွင်းမှာ ယခင်ကထက် များစွာပြောင်းလဲသွားပြီဖြစ်သည်။

“မုန်တိုင်းတိုက်တုန်းက လေကကြမ်းတာရက်စက်တယ်။ တံခါးပေါက်တွေဖွင့်ကြည့်နေကြတာ ကြာကြာမကြည့်နိုင်ဘူး။ လေက နေ့လည် ၁နာရီနဲ့ ၃နာရီကြား အကြမ်းဆုံးပဲ”ဟု စစ်တွေမြို့ခံတဦးက ပြောသည်။

စစ်တွေမြို့သည် ယခင်က သစ်ပင်များနှင့် အုံ့အုံ့ဆိုင်းဆိုင်းရှိခဲ့သော်လည်း ယခုအခါ အပင်များသည် အရွက်များပင်မကျန်၊ အချို့အပင်များသည် အမြစ်မှကျွတ်လဲလျက်ရှိနေသည်။ လျှပ်စစ်ဓာတ်တိုင်များအားလုံး လဲကျနေပြီး၊ ပြန်လည်ပြင်ဆင်မှုများလုပ်နေသည်ကိုလည်း တွေ့ခဲ့ရသည်။

“တမြို့လုံးကို ရစရာမရှိတော့ဘူးလေ။ မီးကလည်း မုန်တိုင်းဖြစ်ပြီးတည်းက မလာတော့တာ၊ ပြန်ပြင်နေတာတွေတော့ တွေ့တယ်။ နောက် ၃လ ၄လလောက်တော့ ကြာ‌အုံးမှာပေ့ါ။ မီးတွေရဖို့ကတော့”ဟု စစ်တွေမြို့က စားသောက်ဆိုင်ပိုင်ရှင်က ဆိုသည်။

စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး၊ အစိုးရအခြေခံအဆောက်အဦးများ၊ လူကုံထံများနေထိုင်သည့် အိမ်များ၊ ဟိုတယ်များ၊ စီးပွားရေးလုပ်ငန်းများတည်ရှိနေသော အထင်ကရမြို့ကြီးဖြစ်သည်။

ယခုမိုခါမုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားရသည့် နောက်ပိုင်းတွင် တမြို့လုံး အမိုးမလန်သည့် အိမ်၊ အဆောက်အဦးဟူ၍မရှိ၊ လုံးဝ မြို့ပျက်ကြီးသဖွယ်ဖြစ်သွားသည်။ ကုန်‌ဈေးနှုန်းများမှာ ယခင်ထက် နှစ်ဆ ၃ဆလောက်ဖြစ်သွားပြီး၊ မြို့ခံများ၏ မျက်နှာများမှာ မရွှင်ပျတော့ပေ။

“ဈေးတွေလည်းကြီးလိုက်တာဆိုတာ၊ ဆန်တပြည် ၅၀၀၀ အဲဒါတောင် သာမန်ဆန်ပဲရတယ်။ မုန်တိုင်းဖြစ်ပြီးခါစကဆို သောက်ရေတောင်ခက်ခဲတယ်။ သားတို့အခုလာတာ ရေတောင်သောက်ရတာ ကံကောင်းတယ်မှတ်”ဟု မြို့ခံတဦးက ပြောပြသည်။

စစ်တွေမြို့တွင်းသာ ပြန်လည်ပြင်ဆင်မှုများ အနည်းငယ်ရှိနေသော်လည်း စစ်တွေထဲပါဝင်သော ကျေးရွာများရှိသည့် ရန်ကုန်- စစ်တွေကားလမ်းတလျှောက် ရွာများသည် လဲနေသောဓာတ်တိုင်၊ အပင်၊ မုန်တိုင်းတိုက်ပြီးခါစအတိုင်း မဖယ်ရှားရသေးဘဲ ရှိနေသည်။

အမိုးလန်သောအိမ်များ၊ လဲနေသော ဓာတ်တိုင်များ၊ အပင်များ၊ လျှပ်စစ်မီးများပြတ်တောက်နေမှု သောက်သုံးရေကအစ လာရောက်လှူဒါန်းမှုကိုသာ မျှော်နေရသည့် နေရာများမှာ လက်ညိုးထိုးမလွဲ ရှိနေသည်။

အဆိုပါ မုန်တိုင်းဒဏ်ကို ပင်လယ်နှင့် အလွန်နီးကပ်သည့် ရသေ့တောင်မြို့နယ် ဆားဖျင်ချည်ရွာလည်း ပြင်းထန်စွာခံစားခဲ့ရသည်။

တရွာလုံးနီးပါး အိမ်များပျက်စီးနေပြီး၊ အိမ်ခြေ ၁၉၀ကျော်ရှိသည့် ယင်းရွာကလေးသည် ၉၅ရာခိုင်နှုန်း ပျက်စီးသွားသည်။

“ရေလာတာနဲ့ ပြေးတဲ့သူကပြေးကြ၊ ဘုန်းကြီးကျောင်းကိုပေါ့၊ ကျွန်တော်တို့က သိပ်မကြောက်ပေမဲ့ မိန်းကလေးတွေကတော့ ကြောက်ပြီး ပြေးကြရင် သေဆုံးခဲ့သူတွေရှိတယ်။ တစ်အိမ်လုံးမှ တ‌စ်ယောက်ပဲ ကျန်ခဲ့တဲ့အိမ်တွေလည်းရှိတယ်။ “ဟု ဆားဖျင်ချည်ရွာခံတဦးက ပြောသည်။

အကူအညီများလည်း ယနေ့ထက်ထိ မရရှိသေးသည့် ရွာများလည်း များစွာရှိနေရာ၊ ဆားဖျင်ချည်ရွာသည့် ပထမဦးဆုံးအကူအညီရရှိသည့် ရွာဟု ဆိုရမည်။

“အကူအညီက ဆန်တစ်ဘူးတောင် မလာဘူး။ ‌အိမ်တွေလည်း ပျက်စီးတဲ့သူတွေဆို ဘုန်းကြီးကျောင်းမှာပဲ နေနေကြတုန်း။ တချို့ကလည်း ကိုယ်ဟာကိုယ်ပြင်ပြီး ပြန်လာနေကြရတာ။”ဟု ဆိုသည်။

မိုခါဆိုက်ကလုန်းမုန်တိုင်းသည် ယခင်ကတည်းက ဖွံ့ဖြိုးမှု နောက်ကျနေသော ရခိုင်ပြည်နယ်ကို ရက်စက်စွာ ဖျက်စီးသွားခြင်းဖြစ်ပြီး၊ မုန်တိုင်းတိုက်ခတ်ပြီး နှစ်ပတ်နီးပါးကြာမြင့်သည့်အထိ အကူအညီရောက်မလာသည့် နေရာများက အကူအညီလာမည့်သူများကို ရွာလုံးကျွတ် ထွက်မျှော်နေရသည့် မြင်ကွင်းကိုလည်း မြင်တွေ့ခဲ့ရသည်။

“ပြန်ထူထောင်ပြီး အားလုံးပုံမှန်ပြန်ဖြစ်ဖို့ကတော့ အနည်းဆူံး ၁နှစ် ၂နှစ်ပဲ။ ကျွန်တော်တို့ပြည်နယ်က နဂိုကတည်းကလည်း ဘာမှဖွံ့ဖြိုးသေးတာလေ။ စိတ်ဓာတ်တွေတောင်ကျပါတယ်ဗျာ။ စစ်ဒဏ်ကော အခုမုန်တိုင်းဒဏ်ကော ဝဋ်ကြွေးရှိလို့ပေါ့ဗျာ”ဟု စစ်တွေမြို့ခံတဦးက မျက်နှာညှိုးငယ်စွာဖြင့် ပြောသည်။

လူနေအိမ်များ၊ အခြေခံအဆောက်အဦးများ၊ ဘုန်းကြီးကျောင်း သာသနိကအဆောက်အအုံများ အားလုံးနီးပါး ပျက်စီးသွားသည့် ရခိုင်ပြည်နယ်သည် ပြန်လည်ထူထောင်ရေးများလုပ်ရန် များစွာအချိန်ယူရမည်ဖြစ်ပြီး၊ ဒေသခံများကမူ မိမိတို့စားဝတ်နေရေးအတွက် ကိုယ်ထူကိုယ်ထ ဆက်လက်ရုန်းကန်နေကြရပေတော့သည်။