မိမိတို့ အစိုးရအပေါ် ပြည်သူလူထု စိတ်ပျက်လာမည်ကို စိုးရိမ်ပူပန်ကြောင်း NUGဆို

Author လင်းခိုင်
Categories
Published on Oct 13, 2022

မိမိတို့ အစိုးရအပေါ် ပြည်သူလူထု စိတ်ပျက်လာမည်ကို စိုးရိမ်ပူပန်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းကပြောကြားသည်။

ယနေ့တွင် ပြုလုပ်သည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ကော်မတီ ဥက္ကဌ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု၀န်ကြီးချုပ်က လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်ကြောင့် လုပ်ငန်းဆောင်ရွက်မှုများတွင် စိတ်ပင်ပန်းမှုများကို နားလည်သဘောပေါက်ကြောင်း၊ သို့သော်မြေပြင်တွင် တော်လှန်ရေးအတွက် အသက်စွန့်ဆောင်ရွက်နေသူများနှင့် ယှဉ်လျှင် မပြောပလောက်ကြောင်း၊ သက်ဆိုင်ရာ၀န်ကြီးဌာနများမှ လည်း မြေပြင်လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် မိမိတို့အစိုးရအပေါ် ပြည်သူလူထု၏ စိတ်ပျက်မှုများ ဖြစ်ပေါ်လာမည်ကို များစွာ စိုးရိမ်ပူပန်ကြောင်း၊ ထို့ကြောင့် ပုံမှန်အချိန်သတ်မှတ်ပြီး ဆောင်ရွက်နေသည့် အစည်းအဝေးများကို စုံလင်စွာ တက်ရောက်စေလိုကြောင်း၊ အလားတူ အတိုင်ပင်ခံကောင်စီများနှင့်သော်လည်းကောင်း၊ တိုင်းဒေသကြီး ကိုယ်စားပြုကော်မတီများနှင့်သော်လည်းကောင်း၊ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်ကပြောကြားသည်။

ဆက်လက်ပြီး မဟာမိတ်များနှင့် လက်တွဲပြီး တော်လှန်ရေးပြီးမြောက်သည်အထိ ညီညွတ်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တော်လှန်ရေးကာလ ဖြစ်သဖြင့် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု အပိုင်းတွင်လည်း လိုအပ်ချက်များ ရှိနေသေးသည့်အတွက် အားသွန်ခွန်စိုက် ညီညွတ်စွာ ဆက်လက်ဆောင်ရွက်ပေးကြရန် ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။