မအူပင်မြို့ အနီးဝန်းကျင်ကျေးရွာများမှဒေသခံများအား စစ်ကောင်စီမှ အစည်းအဝေးခေါ်ပြီး တစ်အိမ်တစ်ထောင် ပိုက်ဆံတောင်း

Author CJ-001
Categories
Published on Oct 21, 2022

ဧရာဝတီတိုင်း မအူပင်မြို့နယ် ရေလဲကလေးကျေးရွာနှင့် အနီးဝန်းကျင်မှ ဒေသခံများအား စစ်ကောင်စီမှ အစည်းအဝေးခေါ်ယူပြီးနောက် တစ်အိမ်လျှင် တစ်ထောင်ကျပ် လုံခြုံရေးကြေး ပေးရမည်ဟုဆိုကာ ပိုက်ဆံတောင်းခံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေလဲကလေးကျေးရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံများကို တစ်အိမ်တစ်ယောက် မဖြစ်မနေအစည်းအဝေး တက်ရောက်ရန် ခေါ်ယူပြီးနောက် ကျေးရွာများအား စစ်ကောင်စီတပ်မှ လုံခြုံရေး ရယူပေးမည်ဖြစ်ကြောင်း လုံခြုံရေးလာရောက်ယူပေးသည့် စစ်ကောင်စီတပ်အား လုံခြုံရေးကြေး တစ်အိမ်လျှင် တစ်ထောင်ကျပ်အား လစဉ်ထည့်ဝင်ရမည့်အပြင် လုံခြုံရေးရယူထားသည့် စစ်ကောင်စီတပ်သားများ နေထိုင်စားသောက်ရေးအတွက် ကျေးရွာများမှ အလှည့်ကျ တာဝန်ယူပေးရမည်ဟု စေခိုင်းခဲ့ကြောင်း သိရသည်။

“ရေလဲကလေးနားမှာက ပြည်ခိုင်ဖြိုးက ခရိုနီရန်ဝင်းရဲ့ နယ်လေ၊ အခုရွေးကောက်ပွဲအတွက် ကြိုပြီးပြင်တာလို့လဲပြောနေတယ်၊ ရွာတွေကို အင်္ဂါနေ့(အောက်တိုဘာလ ၁၁ရက်)ထဲက တစ်ရွာပြီးတစ်ရွာ အ စည်းအဝေးခေါ်ပြီး ပိုက်ဆံတောင်းနေတာ လုံခြုံရေးချထားပေးမယ်ဆိုပြီးတော့”ဟု ဒေသခံတစ်ဦးမှ CJ Platformသို့ သတင်းပေးပို့ပြောကြားသည်။

မအူပင်မြို့သည် နွေဦးတော်လှန်ရေးကာလအတွင်း နည်းနည်းအမျိုးမျိုးဖြင့် တော်လှန်နေသည့် မြို့တစ် ခုဖြစ်ပြီး မကြာခဏ ပေါက်ကွဲမှုများ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည့် မြို့ဖြစ်သည့်အပြင် ကြံ့ဖွံ့ပါတီ၏ ထိတ်တန်းခေါင်းဆောင်အချို့ ကျက်စားရာ မြို့တစ် မြို့လဲဖြစ်သည်။