မအူပင်မြို့၌ စစ်ကောင်စီ ထောက်ခံပွဲပြုလုပ်ရန် တစ်အိမ်တစ်ယောက် လိုက်ပါရန် ဖိအားပေး၊ မလိုက်သည့် အိမ်များအား ကျပ် ၃၀၀၀ အတင်းအဓမ္မကောက်ယူ

Author လင်းခိုင်
Categories
Published on Feb 02, 2023

 

ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်၌ စစ်တပ် ထောက်ခံပွဲပြုလုပ်ရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အတင်းအဓမ္မ လူလိုက်စုနေပြီး၊ လိုက်ပါခြင်းမပြုသည့် နေအိမ်များကို တစ်အိမ်ထောင်လျှင် ကျပ် ၃၀၀၀ ပေးဆောင်ရန် ပြုလုပ်ခဲ့ကြောင်း ဒေသခံများက CJ Platform သို့ သတင်းပေးပို့သည်။

ယနေ့ မအူပင်မြို့နယ်တွင် စစ်တပ်ထောက်ခံပွဲအား နေ့လယ် ၂ နာရီတွင် စတင်ပြုလုပ်မည်ဖြစ်ကာ ရပ်ကွက် တစ်ခုလျှင် လူ ၁၀ ဦးမဖြစ်မနေ လိုက်ပါရမည်ဟု စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို ဖေဖော်ဝါရီ ၁ ရက်တွင် ညွှန်ကြားစာများ ပေးပို့ စေခိုင်းခဲ့ခြင်း ဖြစ်သည်။

စစ်တပ်ထောက်ခံပွဲ မလိုက်သည့် သူများကိုလည်း G1 မှ ခေါ်ယူတွေ့ဆုံသွားမည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း မအူပင်မြို့ ၈ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

“ရပ်ကွက်ရုံးက လာပြောတယ်။ တစ်အိမ်တစ်ယောက် မနက်ဖြန် ၂ နာရီ ရုံးကိုတဲ့၊ ဘာလုပ်ရမှာလဲဆိုတော့ ထောက်ခံပွဲလိုက်ရမှာတဲ့၊ ကိုယ်ထောက်ခံမှ လိုက်ရမှာမဟုတ်ဖူးလားဆိုတော့ မရဘူးတဲ့၊ လိုက်မယ်ဆို ခုလက်မှတ်ထိုးပါတဲ့၊ လက်မှတ်မထိုးတဲ့ လူစာရင်းကို G1 ခေါ်တွေ့လိမ့်မယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ပြောကြားသည်။

လက်ရှိ မအူပင်မြို့နယ်တွင် ကားများပေါ်တွင် ဆောင်းဘောက်များတင်ကာ နဂါးနီသီချင်းဖွင့်လှစ်ပြီး စစ်တပ်ထောက်ခံသူများက မြို့ပေါ်တွင် လှည့်လည်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

“မအူပင်မှာ တပ်ထောက်ခံပွဲအတွက် တအိမ်တယောက်လိုက်ရမယ်တဲ့၊ မလိုက်ရင် တစ်အိမ်ပိုက်ဆံ ၃၀၀၀ ပေးရတယ်။ မနေ့က ည ၈ နာရီလောက်မှာ စာရင်းတွေလိုက်ကောက်တာ” ဟု မအူပင်မြို့နယ်၊ ၁၀ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

မအူပင်မြို့နယ်တွင် ရပ်ကွက် ၁၂ ကွက်နှင့် ကျေးရွာ အုပ်စု ၈၈ အုပ်စုရှိကာ၊ ယနေ့စစ်တပ်ထောက်ခံပွဲအား ရပ်ကွက် ၁၂ ခုမှ ပြည်သူများကို ပါ၀င်ရန် အတင်းအဓမ္မ ခြိမ်းခြောက်ခြင်းများဖြင့် ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် တိုင်းပြည်အာဏာကို မတရားလုယူပြီးနောက် ယင်းတို့ကို ထောက်ခံသည်ဟု နိုင်ငံတကာသို့ ပြသရန်အတွက် ပြည်သူများကို ခြိမ်းခြောက်ပြီး မဖြစ်မနေပါ၀င်စေရန် ဖိအားပေးမှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဧရာဝတီတိုင်း #မအူပင်မြို့ #တပ်ထောက်ခံပွဲ