မအူပင်မြို့အဝင်ဂိတ်တွင် G1 ကိုယ်တိုင် စစ်ဆေးရေးလုပ်၊ ကားအစီးရေ ရာနှင့်ချီပိတ်မိ

Author လဂွန်းအိမ်
Categories
Published on Feb 12, 2024

ဧရာဝတီတိုင်း၊ မအူပင်မြို့အဝင်တွင်  ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်) နံနက်ပိုင်းမှစတင်၍ စစ်ကောင်စီ၏ G1(ဗိုလ်မှူးကြီး)အဆင့်ရှိသူကိုယ်တိုင်မြေပြင်ဆင်း၍ စစ်ဆေးနေ၍ ကားရာနှင့်ချီပိတ်ဆို့နေကြောင်း ယင်းနေရာတွင် ရောက်ရှိနေသည့် CJ Platform သတင်းရင်းမြစ်ထံမှ သိရသည်။

 

G1 နှင့်အတူ စစ်ကောင်စီ၏ ပြည်ထဲရေးလက်အောက်ခံ ရဲတပ်ဖွဲ့၊ လဝက၊ ယာဉ်ထိန်းရဲအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များပါဝင်သည့် အစုအဖွဲ့များဖြင့် စစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့စစ်ဆေးရာတွင် မည်သည့်အတွက်ကြောင့် မည်သည့်နေရာသို့သွားမည်ဆိုသည်ကိုမေးမြန်းကာ မှတ်ပုံတင်များ အဓိကထားစစ်ဆေးနေပြီး ခရီးသည်တင်ယာဉ်များ၊ အိမ်စီးကားများပါမကျန် တစ်ဦးချင်းကားပေါ်မှဆင်းပေးရကာ တစ်ဦးချင်းစီ၏ မှတ်ပုံတင်များတောင်းယူစစ်ဆေးနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

ထို့ပြင် မော်တော်ယာဉ်များကို ယာဉ်မောင်းလိုင်စင်၊ Wheel Tax နှင့် ခရီးသည်တင်ယာဉ်များ၏ ခရီးသွားမှတ်တမ်းများကိုပါ တောင်းယူစစ်ဆေးနေသည်ကိုတွေ့ရှိရပြီး မော်တော်ယဉ်အတွင်းပိုင်းကိုပါစစ်ဆေးကြကာ ခရီးဆောင်အိတ်၊ ဆွဲခြင်းတောင်း စသည့်အထုပ်များကိုပါစစ်ဆေးခြင်းဖြစ်သည်ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

 

ယင်းသို့ စစ်ကောင်စီ၏တားဆီးစစ်ဆေးမှုများကြောင့် မော်တော်ယာဉ်များ အစစ်ဆေးခံနိုင်ရန် နာရီနှင့်ချီစောင့်ဆိုင်းနေရပြီး မအူပင်-တွံတေး လမ်းပိုင်းနှင့် မအူပင်-ညောင်တုန်း လမ်းပိုင်းပေါ်တွင် ရာပေါင်းများစွာသောကားများစောင့်ဆိုင်းနေရသည်။

မည်သည့်အတွက်ကြောင့်စစ်ဆေးနေရသည်ကို CJ Platform မှစုံစမ်းခဲ့ရာ ပြည်ထောင်စုနေ့ဖြစ်သည့်အတွက် စစ်ဆေးနေခြင်းဖြစ်သည်ဟုသာသိရှိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လုံခြုံရေးအရ မေးမြန်းနိုင်ခြင်းမရှိခဲ့ပေ။

 

“အဲဒီလောက်ထိ လိုအပ်လို့လားဗျာ။ လုပ်ချင်တဲ့သူရှိရင် ကြိုတင်ပြင်ဆင်ထားမှာပေါ့။ သူတို့ဟန်ရေးပြချင်တိုင်း ခရီးသွားပြည်သူကိုသက်သက်ဒုက္ခပေးတာ” ဟု အောင်ချမ်းသာ ခရီးသည်တင်ယာဉ်ပေါ်မှ ခရီးသွားတစ်ဦးက CJ Platform ကို ပြောသည်။

 

စစ်ကောင်စီသည် ယခင်က ယင်းသို့ ခရီးသွားများကို တင်းကြပ်စွာစစ်ဆေးခြင်းအား ဧရာဝတီတိုင်းအဝင်ဂိတ်ဖြစ်သည့် ပန်တိုင်ဂိတ်တွင်သာ စစ်ဆေးလေ့ရှိပြီး မအူပင် -တွံတေး လမ်းပိုင်းရှိ မလတ်တိုဂိတ်တွင် ရံဖန်ရံခါ စစ်ဆေးမှုရှိသော်လည်း ယနေ့တွင်မူ မအူပင်မြို့အဝင် တံတားခြေရင်း၌ တင်းတင်းကြပ်ကြပ်စစ်ဆေးနေခြင်းဖြစ်သည်။

မအူပင်မြို့ခိုင်သဇင်လမ်းတွင်နေထိုင်သည့် အသက် ၂၀ ကျော်အရွယ်ရှိ ‌ဆိုင်ကယ်မောင်းနှင်လာသော  လူငယ်တစ်ဦးမှ မအူပင်မြို့အဝင်တွင် ယခုကဲ့သို့ စစ်ဆေးမှု မရှိသည်မှာ လပေါင်းများစွာကြာပြီဖြစ်ပြီး စစ်မှုထမ်းဥပဒေကြေညာပြီးမှ ယခုကဲ့သို့ စစ်ဆေးနေခြင်းမှာ မည်သည့်အတွက်ကြောင့်မှန်းမသိသော်လည်း စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း CJ Platform ၏မေးမြန်းမှုကိုဖြေကြားသည်။

 

စစ်ကောင်စီမှ ယမန်နှစ်ဇွန်လတွင် မြို့အဝင်ဂိတ်များပိတ်သိမ်းရန် ညွှန်ကြားခဲ့သည့်အချိန်တွင် မအူပင်မြို့အဝင်တံတားဂိတ်သည် ပိတ်သိမ်းခြင်းမရှိဘဲ တစ်လခန့်အကြာ ဇူလိုင်လ ၄ ရက်နေ့တွင် အရာရှိအချင်းချင်း စကားများရာမှ ပစ်ခတ်မှုဖြစ်ကာ နှစ်ဦးလုံးသေဆုံးသွားပြီးနောက် ယင်းစစ်ဆေးရေးဂိတ်မှာ ပိတ်ထားခဲ့ပြီး ယခုအခါ ယင်းနေရာတွင် စစ်ဆေးနေခြင်းဖြစ်သည်။