မသန်စွမ်းအမျိုးသမီးတစ်ဦးကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည့် စစ်သားအား PDF များမှ ဖမ်းမိထားစဉ် ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွား

Author မင်းထက်
Categories
Published on Dec 04, 2023

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဘုန်းကြီးကျောင်းတစ်ခု၌တည်းခိုနေသော စစ်ကောင်စီတပ်သားကို လက်နက်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းထားစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း ယင်းခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် ရိုးမမြေက CJ Platform သို့ ပြောသည်။

 

ဒီဇင်ဘာ ၃ ရက်  ညနေ ၅ နာရီခန့်တွင် ပဲခူးရိုးမအတွင်း အုတ်ဖိုမြို့နယ်၊ လင်းနေစန်းကျေးရွာ ဘုန်းကြီးကျောင်းသို့ လာရောက်နေသည့် စစ်ကောင်စီတပ်သား သုံးဦးကို PDF များက ဝင်ရောက်ဖမ်းဆီးခဲ့ရာ ခလရ(၁)မှ စစ်သက် ၄ နှစ်ခန့်ရှိ တပ်သား “ရောဆက်”ကို  MA-3 သေနတ် တစ်လက်၊ ကျည် ၁၂ တောင့်နှင့်အတူ လက်ရဖမ်းဆီးရမိခဲ့ကြောင်း၊ ကျန်စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ကျောင်းထိုင်ဘုန်းကြီးတို့မှာ ကားဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

ဖမ်းဆီးရမိသော စစ်သားကို စစ်သုံ့ပန်းဥပဒေများနှင့်အညီ ထားရှိ၍ စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းသည်  ဒီဇင်ဘာလ ၁ ရက်‌နေ့တွင် ပဲခူးရိုးမအတွင်းရှိ မင်းလှဆည်သို့ စစ်ကောင်စီတပ်သား ၃၀ ဦးခန့်နှင့်အတူ စစ်ကြောင်းထိုးခဲ့ပြီး ပြည်သူများ၏ စက်လှေ ၃ စင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဆယ်ရွာမှ ပြည်သူတစ်ဦး၏နေအိမ်အတွင်း ဝင်ရောက်တပ်စွဲ၍ အိမ်ရှင်အမျိုးသားဖြစ်သူကို အရက်ဝယ်ခိုင်းကာ အိမ်ရှင်အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲဘော် ရိုးမမြေက ဆိုသည်။

 

ဆယ်ရွာမှတစ်ဆင့် ဒီဇင်ဘာ ၂ ရက်နေ့၊ ည(၉ )နာရီခန့်တွင် လယ်ကြမ်းတောမှ ပြည်သူများကို ပေါ်တာဆွဲစဥ် ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့သည့် မသန်စွမ်း အမျိုးသမီး တစ်ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ ထိုမှတဆင့် လင်းနေစန်းကျေးရွာ ဘုန်းကြီးကျောင်း၌ တည်းခိုနေစဥ် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရ‌ခြင်းဖြစ်ကြောင်း  စစ်ဆေးမေးမြန်းချက်များအရ သိရကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက် ၄ နာရီခန့်တွင် အဆိုပါ ဖမ်းဆီးခံ စစ်သားသည် စစ်သုံ့ပန်းဥပဒေများနှ င့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိသော်လည်း တော်လှန်ရေးရဲဘော်များ အိပ်ပျော်နေစဥ် ထွက်ပြေးသွားသည့်အတွက် ကင်းတာဝန်ကျ ရဲဘော် နှစ်ဦးက လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၄၀ ဦးကျော် သေဆုံးခဲ့ကြောင်း၊ ထိုဖမ်းဆီးခံ စစ်သားက ထုတ်ဖော်ပြောကြားခဲ့ကြောင်း ရဲဘော်ရိုးမမြေ၏ ပြောဆိုချက်အရ သိရသည်။

 

” ကျွန်တော်တို့နဲ့ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စခ ၄၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အခုစခဆီက သိရပါတယ်။ ဒဏ်ရာရသူတွေထဲ စခဗိုလ် တစ်ယောက်ဆို ခုထိဆေးရုံက မဆင်းရသေးဘူး ပြောတယ်။ စခတွေသေတာကို ကျွန်တော်တို့ဘက်က အလောင်းမရအောင် လက်နက်ကြီးပစ်ကူယူပြီး အလောင်းအရ သယ်ရတယ်တဲ့။ ကျွန်တော်တို့ဘက်က သတင်းထုတ်တော့ စခသေတာ အလောင်းမပြနိုင်အောင်တဲ့” ဟု ၎င်းက ပြောသည်။

 

ဓာတ်ပုံ -သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၂) တပ်ခွဲ ၅