မလေးရှားတွင် ဖမ်းဆီးခံထားရသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းဒုက္ခသည် တစ်ရာကျော် ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးစဉ် တစ်ဦး ကားတိုက်ခံရပြီး သေဆုံး  

Author အဂ္ဂ
Categories
Published on Feb 02, 2024

မလေးရှားနိုင်ငံ၊ ဘီဒေါ (Bidor) မြို့ရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသည့် မြန်မာရွှေ့ပြောင်းဒုက္ခသည် တစ်ရာကျော်သည် ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ည  ၉နာရီ ၅၀မိနစ်ခန့်က (မလေးရှားနိုင်ငံ စံတော်ချိန်) ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးခဲ့စဉ် တစ်ဦးကားတိုက် သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာများတွင် ဖော်ပြထားသည်။

 

ဘီဒေါထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသူ ရိုဟင်ဂျာလူမျိုး (၁၁၅)ဦး၊ မြန်မာနိုင်ငံသား (၁၆) ဦး စုစုပေါင်း (၁၃၁) ဦး ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ထွက်ပြေးခဲ့သည်ကို ဒေသခံတစ်ဦးမှ ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တာပက်(ပ်) (Tapah) ခရိုင်ရဲမှူးချုပ် Mohammad Naim Asnawi က ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် Bernama သို့ ဖြေကြားထားသည်။

 

“ထွက်ပြေးလာတယ်လို့ ယူဆရတဲ့ သူတစ်ယောက်ဟာ KM-335 မြောက်-တောင် အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှုဖြစ်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့တယ်”ဟု တာပက်(ပ်) (Tapah) ခရိုင်ရဲမှူးချုပ် Mohammad Naim Asnawi က ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် Bernama သို့ ပြောသည်။

 

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများအပါအဝင် လူအင်အား (၂၇၀)ကျော်ဖြင့် ထွက်ပြေးလွတ်မြောက်သွားသူများကို ပြန်လည်ရှာဖွေနေကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Datuk Ruslin Jusoh က Bernama သတင်းဌာနတွင် ပြောကြားထားသည်။

 

၂၀၂၂ခုနှစ် ဧပြီလအတွင်းကလည်း မလေးရှားနိုင်ငံ မြောက်ပိုင်း ကေဒါ (Kedah)ပြည်နယ်တွင် မြန်မာနိုင်ငံဘက်မှ ဝင်ရောက်လာသည့် ရိုဟင်ဂျာလူမျိုး (၅၈၂)ဦးအား ထိမ်းသိမ်းရေးစခန်းတွင် ထိမ်းသိမ်းထားစဉ် ထွက်ပြေးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပြီး ထိုအချိန်ကျ ထွက်ပြေးခဲ့သူများအနက် ခြောက်ဦးသည် အမြန်လမ်းပေါ်တွင် ကားတိုက်ခံရပြီးနောက် သေဆုံးခဲ့ရသည်။

 

မလေးရှား အာဏာပိုင်များသည် ထွက်ပြေးသွားသူများအား ဆက်လက်ရှာဖွေနေလျှက်ရှိပြီး တွေ့ရှိပါကလည်း အကြောင်းကြားရန် ပြည်သူများထံ တိုက်တွန်းထားသည်။

 

မလေးရှားနိုင်ငံသည် နယ်မြေဖြတ်ကျော်ကာ တရားမဝင် ဝင်ရောက်လာသူများကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးလေ့ရှိပြီး ဇန်နဝါရီ (၂၄)နှင့် (၂၅)ရက်နေ့တွင် ဆီလန်ဂေါပြည်နယ်နှင့် ဂျိုဟိုးပြည်နယ်ရှိ စက်ရုံများအား ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထားမဲ့ ဝင်ရောက်ကာ အလုပ်လုပ်ကိုင်နေသူ တစ်ရာဦးကျော်ကို ဖမ်းခဲ့ပြီး ယင်းအနက် မြန်မာနိုင်ငံသား (၅၁)ဦးထိ ပါဝင်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများတွင် ဖော်ပြထားသည်။

 

၂၀၂၂ခုနှစ် ဒီဇင်ဘာ (၂၉)ရက်ကလည်း ကွာလာလမ်ပူမြို့အတွင်းရှိ (၁၄) ထပ်မြင့် အဆောက်အဦတစ်ခုအား “အော်ပရာစီစစ်ဆင်ရေး”အဖြစ် ဝင်ရောက်စီးနင်းရှာဖွေခဲ့သေးပြီး အထောက်အထားမဲ့ ဝင်ရောက်ကာ အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသာ (၅၆၇)ဦးအား ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံရသူများအနက် မြန်မာနိုင်ငံသား (၇၅)ဦး ပါဝင်ခဲ့သည်။