မရာဒေသတွင် ချင်းတော်လှန်ရေးအင်အားစု နှစ်ခုကြား အငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦး ကျဆုံး

Author လဂွန်းအိမ်
Categories
Published on Jan 27, 2024

ချင်းပြည်နယ် မရာဒေသရှိ Maraland Defense Force (MDF) နှင့် Chinland Defense Force – Mara (CDF Mara) တို့ မရာဒေသတွင်း ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော်တစ်ဦးနှင့် CDF Mara  ရဲဘော် တစ်ဦးကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း CDF – Mara ၏ ဇန်နဝါရီ ၂၅ ရက်နေ့ ထုတ်ပြန်ချက် အရ သိရသည်။

 

နယ်မြေပိုင်းခြားထားခြင်းမရှိသည့် မရာဒေသ တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့အကြား ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး CDF – Mara ကင်းစခန်း တစ်ခုကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း CDF – Mara မှဆိုသည်။

 

” ဘာကြောင့် လာတိုက်တာလဲဆိုတာ မသိပေမဲ့၊ ကျွန်တော်တို့ကို ရန်သူလိုလာတိုက်တော့၊ နယ်မြေလိုချင်လို့ ဖြစ်မယ် ” ဟု CDF – Mara မှ CJ Platform သို့ပြောပါသည်။

 

ယင်းထိတွေ့တိုက်ပွဲ့နှင့် ပတ်သက်၍ Maraland Defense Force ( MDF ) မှမူ ခရီးသွားလာရင်း CDF – Mara မှ ခြုံခိုစောင့်ဆိုင်းနေခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ‌ပစ်ခတ်မှုမရှိဘဲ မောင်းထုတ်နိုင်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း CJ Platform သို့ ပြောသည်။

 

” ငါတို့ သေနတ်တစ်ချက်တောင်မဖောက်ခဲ့ပဲ မောင်းထုတ်ခဲ့ပါတယ်၊ နောက်တစ်ကြိမ်မှာတော့ ပစ်ခတ်ကြတာပေါ့၊ သူတို့ခြုံခိုတဲ့နေရာမှာပဲ ကျဆုံးတာဖြစ်တယ်” ဟု Maraland Defense Force ( MDF ) တာဝန်ရှိသူမှ CJ Platform သို့ ပြောသည်။

 

ထိုပစ်ခတ်မှုတွင် CDF – Mara မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည့်အပြင် CNA ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း စုံစမ်းသိရှိရကာ CNA ၏မှတ်ချက်ကို သိရှိနိုင်ရန်အတွက် ဆလိုင်းထက်နီ ထံ CJ Platform မှဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

 

ထိုကဲ့သို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့်  နေ့တွင်ပင် မရာလူငယ်များအသင်း ဌာနချုပ် ( MTP – Headquarter )  မှဦးဆောင်၍ နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းထားခဲ့ပြီး နှစ်ဖက် သဘောတူလက်ခံထားကြောင်း CDF Mara ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရှိခဲ့ရပြီး MDF မှ တရားဝင် တွေ‌ဆုံဆွေးနွေးမှု မရှိခဲ့ဘူးဟု CJ Platform သို့ ပြောသည်။

 

” တရားဝင်တွေ့ဆုံဖို့ သဘောတူထားပြီး သတ်မှတ်ရက်ကို စောင့်နေရင်း သူတို့ဘက်က အလစ်ဝင်တိုက်တာပါ၊ ဆွေးနွေးပွဲတော့ မဆွေနွေးဖြစ်တော့ဘူး၊သူတို့က အရင်လာတိုက်ခိုက်သွားတယ်ဆိုတော့ ခုကစစ်ရေးနဲ့ပဲ အဖြေရှာရတော့မလို ဖြစ်နေတယ်” ဟု CDF – Mara မှ CJ Platform ကို ပြောသည်။

 

တွေ့ဆုံဆွေးနွေးခြင်းများအတွက် MDF မှ တရားဝင်‌တွေ့ဆုံခြင်းမျိုး မရှိဟု ဆိုထားပြီး တွေ့ဆုံဆွေးနွေးမည်ဆိုက အမြဲလမ်းဖွင့်ပေးထားကာ လာရောက်ပူးပေါင်းမည်ဆိုပါက နွေးထွေးစွာ ကြိုဆိုလျက်ရှိသည့်အပြင် မြန်မာတစ်နိုင်ငံလုံး၊ ချင်းပြည်နယ်တစ်ခုလုံး မရာနယ်မြေအားလုံး ငြိမ်းချမ်းစေလိုကြောင်း CJ Platform ၏ ဆက်သွယ်မေးမြန်ချက်ကို ပြန်လည် ဖြေကြားသည်။

 

“ကျနော်တို့က တော်လှန်ရေး အချင်းချင်းအကြား လက်နက်နဲ့ ဖြေရှင်းတာမျိုးကလုံးဝ မလိုချင်ပါဘူး၊ လက်နက် သုံးပြီး ဖြေရှင်းချက်က နောက်ဆုံး ဂိတ်ဆုံးပေါ့ ဒါပေမဲ့ အခြေအနေ အရပ်ရပ် ကြောင့် လက်နက်မသုံးရင် ငါတို့ ခံရတော့မယ့် အနေအထားဖြစ်နေလို့ပါ။ မြန်မာတစ်နိုင်ငံလုံး ချင်းပြည်နယ်တစ်နယ်လုံး မရာနယ်မြေအားလုံး ငြိမ်းချမ်းဖို့အတွက် ဘယ်နည်းမဆို သုံးပြီး ဆက်လက်ရင်ဆိုင်သွားမှာပါ” ဟု MDF ပြန်ကြားရေးဌာနမှ CJ Platform သို့ပြောသည်။

 

မရာဒေသအတွင်း ကျေးရွာပေါင်း ၄၉ ရွာရှိပြီး နယ်မြေခွဲခြားထားခြင်း မရှိသေးပဲ ၄၆ ရွာအား MDF မှ ထိန်းချုပ်ထားကာ အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်လျက်ရှိနေပြီး ကျန်ရွာများကိုသာ CDF – Mara အား အုပ်ချုပ်ရေးနယ်မြေထိန်းချုပ်ရန် ပြောဆိုထားကြောင်း MDF ပြန်ကြားရေးဌာနမှ ဆိုသည်။

 

CDF Mara ကမူ တွေ့ဆုံဆွေးနွေးရန် ယုံကြည်မှု အရင်တည်ဆောက်ရန် လိုအပ်မည်ဖြစ်ပြီး မရာဒေသ၏ အနာဂတ်နှင့် ပတ်သက်၍ အကောင်းဆုံးကို မျှော်လင့်ကြောင်း CJ Platform သို့ပြောသည်။

 

“အနာဂတ်နဲ ပတ်သက်ပြီး အကောင်းဆုံးကိုတော့ မျှော်လင့်ပါတယ်၊ အမှန်တရားက အမြဲအနိုင်ယူပါစေလို့ပဲလိုပဲ ပြောချင်ပါတယ်။ လိမ်လည်မှု၊ မနာလိုမှု၊ လောဘ၊ မောဟတွေ အမြန်ကျဆုံးပါစေ” ဟု CJ Platform ၏ မေးမြန်းချက်ကို CDF Mara မှ ပြန်လည်ဖြေဆိုထားသည်။

 

မရာ‌ဒေသတွင် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ MDF အတွင်း သဘောထားကွဲလွဲမှုများရှိခဲ့ရာမှ MDF နှင့် CDF – Mara ဟူ၍ ထပ်မံကွဲလွဲခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးနယ်မြေ ထိန်းချုပ်မှုများပြုလုပ်ရာတွင် ပိုမိုပြင်းထန်လာခဲ့ပြီး MDF မှ CDF – Mara တပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့ခြင်းများရှိခဲ့ကြောင်း CDF – Mara ထုတ်ပြန်ချက်များအရ သိရှိရပြီး ယခုအခါ ထိတွေ့မှုဖြစ်ပွားကာ တပ်ဖွဲ့ဝင်များ ကျဆုံးသည်အထိ ဖြစ်လာခဲ့သည်။