မရမ်းကုန်းမြို့နယ်တွင် လူငယ်နှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ တစ်ဦးသေ တစ်ဦးဒဏ်ရာရရှိ

Author အောင်နိူင်သူ
Categories
Published on Sep 22, 2022

မရမ်းကုန်းမြို့နယ် ဘုရင့်နောင် (၃) ရပ်ကွက်တွင် အောင်သိဒ္ဓိလမ်းနဲ့ ပါမောက္ခလမ်းသွယ်ထိပ်တွင် ယနေ့ နံနက်ပိုင်းက လူငယ်နှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

လမ်း၌ရပ်ကာ စကားပြောနေသည့် လူငယ်နှစ်ဦးကို လမ်းလျှောက်လာသူအမျိုးသားတစ်ဦးက ယနေ့ နံနက် ၁၂နာရီဝန်းကျင်က ပစ်ခတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ဘာကြောင့်ပစ်လဲတော့ မသိဘူး နှစ်ယောက်စလုံးကို တစ်ဦးသေတယ် တစ်ဦးဒဏ်ရာရတယ် နှစ်ယောက်စလုံးက အသက်နှစ်ဆယ် အရွယ်ကောင်လေးတွေ”ဟု ရှင်းပြသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသူမှာ ကိုဇွဲသူအောင်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ကိုလှမြင့်သိန်းဖြစ်ပြီး အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ထားသည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့် ရဲတွေက ဘုရင့်နောင် ၃ ရပ်ကွက်ရှိ လမ်းအချို့မှာ စစ်ဆေးမှုတွေပြုလုပ်နေသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် စက်တင်ဘာ ၁ ရက်မှ ၂၂ ရက်အထိ ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှု အကြိမ် ၃၀ ဖြစ်ခဲ့ပြီး ခုနှစ်ဦးသေဆုံးကာ ဆယ်ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။
ဓာတ်ပုံ- Getty Images
ပုံစာညွှန်း- ပုံအဟောင်းကို အသုံးပြုထားပါသည်။