မရပ်ဘဲမောင်းပြေးသည့် လူနာတင်ယာဉ်ပေါ်က ရဲများနှင့် ပစ်ခတ်မှုဖြစ်ပြီးနောက် ရဲအားလုံးသေဆုံး

Author လဂွန်းအိမ်
Categories
Published on Dec 27, 2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း လူနာတင်ယာဉ်တစ်စီးကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မရပ်ဘဲ မောင်းပြေး၍ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ စစ်ကောင်စီလက်အောက် ရဲအားလုံးသေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့က သာစည်ရဲစခန်းမှ ဒဏ်ရာရ ရဲတစ်ဦးနှင့်အတူ ရဲတပ်ဖွဲ့ဝင် ၄ ဦးတင်ဆောင်လာသည့် ပရဟိတကားကို တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးရန်ရပ်တန့်ခိုင်းခဲ့သော်လည်း မရပ်တန့်ဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း ပရဟိတကားပေါ်ပါလာသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအားလုံးသေဆုံးခဲ့ပြီး G3 (၂)လက် နှင့် MA13 (၁) လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယာဉ်ပေါ်လိုက်ပါလာသူ ပရဟိတအဖွဲ့ဝင် နှစ်ဦးကိုမူ ဘေးကင်းလုံခြုံစွာဖြင့် ကယ်ထုတ်နိုင်ခဲ့ကြောင်း Golden Eagle Force(Monywa) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Golden Eagle Force(Monywa)သည် ပစ်ခတ်မှုမှတ်တမ်းဟုဆိုထားသည့် ရုပ်သံကိုလည်း ဆက်လက်ဖော်ပြထားရာ ထိုရုပ်သံဖိုင်အတွင်း ပစ်ခတ်သံများကြားရသကဲ့သို့ ပရဟိတယာဉ်ပေါ်တွင် သေဆုံးနေသည့်ရုပ်အလောင်းအချို့တွေ့ရှိရသည့်အပြင် အဆုံးသတ်တွင် သေဆုံးနေသော အမျိုးသား ၅ ဦးခန့်ကို စီတန်းထားသည်ကိုတွေ့ရှိရပြီး သိမ်းဆည်းရမိသည့် လက်နက်များကိုထုတ်ဖော်ပြသထားသည်။

 

သာစည်အကျဉ်းထောင်အနီးဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်ကို မုံရွာစစ်ဆေးရုံသို့ပို့ဆောင်ရန် ပရဟိတကားဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး မုံရွာမြို့နယ်အတွင်းရှိ လမ်းပိုင်း တစ်နေရာတွင် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း CJ Platform သတင်းဌာနက စုံစမ်းသိရှိရသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမှတ် (၂)တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တောကျွဲကြီး‌ပြောက်ကျားတပ်ဖွဲ့၊ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၊ Golden Eagle Force(Monywa)၊ God of Monywa၊ ပုဏ္ဏက ပြောက်ကြားတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့တစ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။