မဘိမ်းမြို့အား သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေဆဲဟု ဗိုလ်မှူးကြီးနော်ဘူပြော

Author လင်းနွေဦး
Categories
Published on Jan 21, 2024

ကချင်ပြည်နယ် နယ်စပ်ဒေသရှိ မဘိမ်းမြို့အား ကချင်လွတ်လပ်ရေး တပ်မတော် (KIA)မှ ယနေ့ မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း KIA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက မြို့သိမ်းနိုင်ရန် ကြိုးပမ်းဆဲ ဖြစ်သည်ဟု CJ Platform သို့ အတည်ပြု ပြောကြားသည်။

 

KIA တိုက်ခိုက် သိမ်းပိုက်လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသော မဘိမ်းမြို့သည် မိုးမိတ်မြို့ အနီးတွင် တည်ရှိသကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တို့ ထိစပ်ရာ ပြည်နယ် နှင့်တိုင်းကြီး လေးခု အစပ် ရှိ နယ်စပ်မြို့ တစ်မြို့လည်းဖြစ်သည်။

 

“မဘိမ်းကိုတော့ ဒီမနက် KIA က တိုက်ခိုက် သိမ်းပိုက်လိုက်တယ်ဆိုပြီး သတင်းတွေ ထွက်ပါတယ်။ မြေပြင်သတင်းအပြည့်အစုံ ကတော့ မကြားရသေးပါဘူး။ အောက်ခြေက သတင်းတွေကတော့ မပြီးသေးဘူးလို့ ပြောကြပါတယ်”ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ​ပြောသည်။

 

ယမန်နေ့တွင်မူ KIA ပူးပေါင်းတပ်များမှ ဖားကန့်ဒေသရှိ ဝှေခါကျေးရွာတွင် တည်ရှိသော ဝှေခါဗျူဟာကုန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း နှင့် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့၌ ဝှေခါ ရဲစခန်းအား KIA/KPDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းမှူးအား အရှင်ဖမ်းမိခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူ ပြောပြချက်အရ သိရသည်။

 

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ကာ ကချင်-ရှမ်းပြည်နယ် အစပ်ရှိ မိုးမိတ်မြို့ အနီးတဝိုက်တွင် တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသဖြင့် စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများ အသုံးပြုကာ တပ်စခန်းများ မကျစေရေး ခုခံနေရသကဲ့သို့ မံစီမြို့နယ် မံဝိန်းကြီးတလျောက် စစ်စခန်း အချို့အား သိမ်းပိုက်နေပြီ ဖြစ်ကြောင်းလည်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ ပြောပြချက် အရ သိရသည်။