မဘိမ်းမြို့ကို KIA၊ AA၊ PDF များပါဝင်သည့် တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်၊ နှစ်ဖက်အကျအဆုံးရှိ

Author မင်းထက်၊ လဂွန်းအိမ်
Categories
Published on Jan 22, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့ကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်သည့်တိုက်ပွဲများအတွင်း နှစ်ဖက်အကျအဆုံးရှိခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက CJ Platform သို့ အတည်ပြုပြောကြားသည်။

 

ထိုမြို့သိမ်းတိုက်ပွဲကို ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော် AA၊ ကျောင်းသားတပ်မတော် ABSDF နှင့် PDF တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“မဘိမ်းကို မနေ့ကသိမ်းပါတယ်။ အဲဒီတိုက်ပွဲက နှစ်ရက်၊ သုံးရက်လောက်ကြာတယ်။ အဲဒီဘက်မှာ စစ်ကောင်စီကလည်း လေကြောင်းကနေ နေ့တိုင်းလိုပစ်တယ်” ဟု ၎င်းက ပြောသည်။

 

ဇန်နဝါရီလ ၁၉ ရက် ညနေပိုင်းကတည်းက မဘိမ်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သေဆုံးမှု အများအပြားရှိသည့်အပြင် စစ်သုံ့ပန်းများလည်း ဖမ်းမိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ပေါင်းစုများဘက်မှလည်း ရဲဘော်အချို့ ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု ယင်းတိုက်ပွဲအတွင်းဝင်ရောက်ဆင်နွှဲခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များက ဆိုကြသော်လည်း စာရင်းအတိအကျကို မသိရပေ။

 

“ထူးထူးခြားခြားတော့ ထပ်ပြောစရာမရှိပါဘူး။ မြို့ကိုတော့ သိမ်းထားပြီးပါပြီ။ သိမ်းဆည်းမိတာတွေရှိပါတယ်။ စာရင်းအတိအကျတော့ ကျွန်တော်တို့ ဒီနေ့(ဇန်နဝါရီ ၂၂ ရက်)တော့ မသိနိုင်သေးဘူး။ ဆက်ရှင်းနေတုန်းမလို့ လတ်တလော မသိရသေးဘူးဗျ” ဟု ABSDF မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

မဘီးမြို့သိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်ခြင်းကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

 

KIA၊ AA၊ PDF အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုသည် ဇန်နဝါရီ ၁၈ ရက်က မိုးမိတ်မြို့ရှိ ရဲစခန်းနှင့် စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်ရရှိခဲ့သည်။

 

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်ကောင်စီလက်အတွင်းမှ မဘိမ်းမြို့အပါအဝင် မြို့ပေါင်း ၃၂ မြို့အထိသိမ်းပိုက်ရရှိထားပြီဖြစ်သည်။

 

ဓာတ်ပုံ – ABSDF