မပေါက်ကွဲသေးသည့် စစ်လက်နက်ကြီးကျည် ယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ် သုံးဦး သေဆုံး

Author ခေတ်နီ ၊ မင်းထက်
Categories
Published on Feb 03, 2024

ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က မပေါက်ကွဲပဲကျန်ရှိခဲ့သည့် လက်နက်ကြီးကျည်အား ကလေးငယ်များ ယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ် သုံးဦး သေဆုံးသွားကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှ သိရသည်။

 

နမ့်ဆန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ဇယန်းကြီးကျေးရွာ အတွင်းကျရောက်ကာ မပေါက်ကွဲဘဲ ကျန်ရှိခဲ့သည့် လက်နက်ကြီးကျည်အား ယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် (၆) နှစ်အရွယ် မိုင်းနေမင်းအောင် အသက် (၁၀) နှစ်အရွယ် မိုင်းလှိုင်မင်းအောင်နှင့် အသက်  (၁၁) နှစ် အရွယ် မိုင်းအောင်ကျော်ဇေတို့ သုံးဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

 

” မနေ့  ၉ နာရီလောက်ကဖြစ်တာ စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီး ဇယန်းကြီးရပ်ကွက်မှာ သွားကျထားတာ။ ကျတော့ မပေါက်ကွဲသေးဘဲ ကလေးသုံးယောက်ကတွေ့တာ။ အဲ့မှာ ဆော့ရင်း ထပေါက်တာ ” ဟု နမ့်ဆန်မြို့နယ်ရှိ CJ Platformသတင်းရင်းမြစ်က ပြောသည်။

 

ပေါက်ကွဲခဲ့သည့် လက်နက်ကြီးသည် မည်သည့်အဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးဖြစ်ကြောင်း CJ Platformမှ စုံးစမ်းဆဲဖြစ်ပြီး TNLA ဖက်တော့ အဆိုပါ လက်နက်ကြီးကျည်သည် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြစ်ကြောင်း ဆိုထားသည်။

 

နမ့်ဆန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၎င်းတို့တပ်ဝန်းကျင်အပြင် မြို့တွင်းတပ်စွဲထားသည့်နေရာများနှင့် ပြည်သူလူထုများ၏ ခြံဝန်းအတွင်း ထောင်ထားသည့်မိုင်းများနှင့် ၎င်းတို့ပစ်ခတ်သည့် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များအား PSLF/TNLA မှ လိုက်လံရှင်းလင်းနေ​ပြီး ပြည်သူများအနေဖြင့် တွေ့ရှိပါက အကြောင်းကြားရန်လည်း ညွှန်ကြားထားသည်။

 

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့၌ ကလေးငယ် ၂၆ ဦး အပါအဝင် ၁၆၂ ဦးအထိ သေဆုံးခဲ့သည်။

 

ဓာတ်ပုံ – ပေးပို့