မန်ယူကိုရောင်းချတော့မယ်လို့ ဂလေဇာမိသားစုကဆုံးဖြတ်ပြီးနောက် အာရပ်စော်ဘွားတစ်ဦးက ဝယ်ယူရန်စိတ်ဝင်စားနေ

Author မောင်ရှမ်း
Categories
Published on Nov 23, 2022

မန်ယူအသင်းရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုကတော့ အသင်းကို ၁၇ နှစ်ကြာ ပိုင်ဆိုင်ထားပြီးနောက်မှာတော့ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။ ဂလေဇာမိသားစုဟာ မန်ယူအသင်းကို ၂၀၀၅ ခုနှစ်မှာ ပေါင် ၇၉၀ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး အစောပိုင်းမှာတော့ အသင်းဟာ ဆုဖလားအောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားတဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာနေခဲ့သလို ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာလည်း ဘယ်ဆုဖလားမှ မရနိုင်တော့တာဖြစ်ပါတယ်။

ဂလေဇာမိသားစုဟာ အသင်းရဲ့ အောင်မြင်မှုထက် သူတို့ရဲ့အကျိုးစီးပွားကို ပိုမိုဦးစားပေးတယ်လို့ မန်ယူပရိသတ်တွေက ယုံကြည်ထားကြပြီး ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းတွေလည်း အကြိမ်ကြိမ်ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတစ်သင်းဖြစ်တဲ့ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပိုင်ရှင်အပြောင်းအလဲဖြစ်ခဲ့ပြီး ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ထံကနေ တော့ဒ်ဘိုလေက ပေါင် ၄.၂၅ ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဂလေဇာမိသားစုကတော့ မန်ယူအသင်းကို ရောင်းချရာကနေ ၉ ဘီလီယံလောက်အထိ ရရှိဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာထွက်ပေါ်နေတဲ့သတင်းတွေအရတော့ ဒူဘိုင်းစော်ဘွားတစ်ဦးဟာ ယူနိုက်တက်ကို ဝယ်ယူဖို့အတွက် ၁၀ ဘီလီယံလောက်အထိ အသုံးပြုသွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မန်ယူပရိသတ်တွေကတော့ ဒီသတင်းအပေါ် ကြိုဆိုခဲ့ကြပြီး အာရပ်သူဌေးတွေရဲ့လက်ထက်ကို ရောက်ရှိသွားမယ်ဆိုရင် မန်ယူအသင်းရဲ့ ရွှေခေတ်ကို ပြန်ရောက်နိုင်မယ်လို့ ယုံကြည်နေကြတာလည်းဖြစ်ပါတယ်။