မန်တုံမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံး TNLA သိမ်းပိုက် ဟောင်ဝှစ်ဇာနှစ်လက်ပါရရှိ

Author ခေတ်နီ
Categories
Published on Dec 24, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး ဟောင်ဝှစ်ဇာအမြှောက်နှစ်လက်ကိုပါ ရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAမှ ယနေ့နံနက်တွင် သတင်းထုတ်ပြန်ထားသည်။

မန်တုံရှိ စစ်ကောင်စီတပ်၏ စခန်းများကို ဒီဇင်ဘာလ ၁၉ ရက်​နေ့မှစတင်ကာ TNLAမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ ခလရ ၁၃၀ ဗျူဟာကုန်းအပါအဝင်၊ ခိုမုန်းတပ်စခန်း ၊လွယ်ဆိုင်တောင်တပ်စခန်း၊ ပြည်သူ့စစ်စခန်း ၊ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုမန်တုံမြို့သိမ်းတိုက်ပွဲ လေးရက်တာအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၆၅ ကြိမ်နှင့် ဗုံးကြဲချမှုပေါင်း ၁၀၃၈ ကြိမ်အထိ စံချိန်တင် ပြုလုပ်ခဲ့ပြီး တရက်လျင် လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ် အထိရှိခဲ့ပြီး လေကြောင်းဖြင့် လက်နက်ခဲယမ်းနှင့် လူအင်အားထောက်ပံ့မှု ၉ ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုများအတွင်း သာသနိကအဆောက်အအုံများ အပါအဝင် အရပ်သားနေအိမ် ၁၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပြီး အရပ်သားတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုအပြင် မန်တုံမြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ ဟောင်ဝှစ်ဇာနှစ်လက်အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း TNLAကဆိုသည်။

TNLAတပ်များအနေဖြင့် ယခုမန်တုံမြို့အား သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ၁၀၂၇ စစ်ဆင်ရေးကာလ အတွင်း နမ့်ခမ်း ၊နမ့်ဆန်နှင့် မိုင်းလုံမြို့များ အပါအဝင် မြို့လေးမြို့အထိ သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်။

 

ဓာတ်ပုံ – TNLA

Related News

Depend on news