မန်တုံမြို့ကို စစ်ကောင်စီတပ်မှ ၄ ရက်တာအတွင်း လေကြောင်းတိုက်ခိုက်မှု အ‌ကြိမ် ၄၀ကျော်ထိ လုပ်ဆောင်

Author ခေတ်နီ
Categories
Published on Dec 23, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ စံချိန်တင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAမှ သတင်းထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်မှ ၂၂ အတွင်း စစ်ကောင်စီတပ်မှ မန်တုံမြို့ကို ဂျက်ဖိုက်တာဖြင့် ၄၃ ကြိမ် ၊Y12လေယာဥ်ဖြင့် ၁၈၃ ကြိမ်အထိ အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်းနှင့် လက်နက်ကြီးဖြင့် ၁၃၇ ကြိမ်အထိ ပစ်ခတ်ခဲ့ကြောင်း TNLAမှ ဆိုသည်။

ထိုတိုက်ခိုက်မှုများအတွင်း အရပ်သားတစ်ဦး ကျည်ထိမှန်ခဲ့သည့်အပြင် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၅ လုံးအထိ ပျက်စီးခဲ့ကြောင်း သိရသည်။

မန်တုံမြို့ရှိ ခလရ ၁၃၀ တပ်ရင်းကို TNLAတပ်ဖွဲ့များမှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် အပြီးပိုင်သိမ်းပိုင်နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာဖြစ်သည့် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ ခလရ ၁၃၀  စခန်းအား သိမ်းပိုက်နိုင်မှုနှင့် ပတ်သက်၍ TNLAဘက်မှ တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးဘဲ အခြေအနေများကို သိရှိနိုင်ရန် CJ Platformအနေဖြင့် ပြန်ကြားရေးဌာနထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း TNLA၏ ရုံးဖုန်းအား ဆက်သွယ်၍ မရရှိခဲ့ပေ။

 

ဓာတ်ပုံ – TNLA

Related News

Depend on news