မန္တလေး Pepsi ရုံး အရောင်းဌာနမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားများ စစ်တပ်နှင့် ခြိမ်းခြောက်ခံရ၍ တိမ်းရှောင်နေရ

Author ခေတ်နီ
Categories
Published on Dec 13, 2022

မန္တလေးမြို့ ၁၃၈ လမ်းနှင့် ၁၃၉ လမ်းကြား ၆၉ လမ်းမှာ ဖွင့်လှစ်ထားသည့် Pepsi အချိုရည်အရောင်းဌာနမှ အလုပ်ထုတ်ခံရသည့် အလုပ်သမား ၁၃ ဦးအား ရုံးတာဝန်ရှိသူများမှ စစ်တပ်ဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် တိမ်းရှောင်နေရသည်ဟု ယင်း အလုပ်သမားများအရေး လိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးထံမှ သိရသည်။

မန္တလေး Pepsi အရောင်းဌာနမှ အလုပ်သမား၁၃ ဦးကို ရုံးတာဝန်ရှိသူများမှ ရောင်းအားမပြည့်မှီဟုဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် အလုပ်မှ ထုတ်ပယ်ခဲ့တာပဲ ဖြစ်သည်။

” သူတို့ကို ရောင်းအားအပြည့်ဘူးဆိုပြီး ထုတ်တယ်ပေါ့ ဒီကာလ ဆောင်းရာသီဆိုတော့ အရောင်းကကျတယ် အဲ့တာကို သူတို့CEOက အရောင်း၁၀၀ ရအောင် လုပ်ခိုင်းတယ် ရောင်းလို့မရနိုင်ဘူးပြောတော့ စက်ရုံက မင်းအမေ ပိုင်တာမဟုတ်ဘူး မရောင်းနိုင်ရင်ထွက်လို့ ပြောတယ် အလုပ်ထုတ်ခံရတော့ သူတို့က ကျနော်တို့ကို အကူအညီတောင်းတော့ ကူညီဖို့လိုက်သွားတော့ စက်ရုံဖက်ကနေ စစ်တပ်ကို ခေါ်လိုက်တော့ သူတို့ပြေးနေတယ် ပြောတယ်”ဟုသွေးစည်ညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ(STUM)မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုဇင်ဝေအောင်မှ CJ Platform သို့ပြောသည်။

လက်ရှိတွင် အဆိုပါအလုပ်သမားများမှာ တိမ်းရှောင် ထွက်ပြေးနေရတာကြောင့် အလုပ်ထုတ်ခံရစဥ်မှာ ရပိုင်ခွင့် တစုံတရာမရရှိခဲ့တာကြောင့် ၎င်းတို့၏ ရပိုင်ခွင့်များအတွက် အလုပ်သမားရေးရာ ဌာနများတွင် တိုင်တန်းရန်လဲ နှောင့်နှေးနေဆဲ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်ရှိ Pepsi စက်ရုံတွင်လည်း အလုပ်သမား၈ ဦးနှင့် မန်နေဂျာတစ်ဦးကို အလုပ်ထုတ်ခြင်းနှင့် အလုပ်နေရာများ ပြောင်းရွှေ့ခြင်းများ စက်ရုံမှ လုပ်ဆောင်ခဲ့ပြီး အလုပ်သမားများမှ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးရုံးသို့ တိုင်ကြားသည်ဟုဆိုကာ စက်ရုံမှ နေရာရွှေ့ပြောင်းခံရသည့် အလုပ်သမားများအား အလုပ်ခွင်အတွင်းသို့ ပေးမဝင်မှုများ ရှိခဲ့ကြောင်းလဲ သိရသည်။

“လျှပ်စစ်မန်နေဂျာကတော့ အလုပ်ထုတ်ခံရတာ တခြားသူတွေက တခြားဌာနကို ရွှေ့တာပေါ့ အဲ့လိုရွှေ့တော့ ရာထူးတွေကို ရုံဖက်ကပေးတာရတာပေါ့ ဒါကို အလုပ်သမားတွေကလက်မခံဘူး အဲ့တော့ ညှိနှိုင်းရုံးကိုတိုင်တယ် အဲ့လိုတိုင်လို့ဆိုပြီး အလုပ်သမားတွေကို ရုံထဲပြန်ပေးမဝင်ဘူး အလုပ်ထုတ်တယ်ပေါ့ဗျာ အဲ့တော့ အလုပ်သမားရုံးက အလုပ်သမားတွေကို မူလရာထူး နေရာမှာပြန်ထားဖို့ဆုံးဖြတ်တယ် အဲ့တာကို စက်ရုံဖက်က လက်မခံတော့ ခုံသမာဓိတက်ကြတယ် အဲ့ကြတော့ အလုပ်ရှင်ဖက်ကနေပြီး အငြင်းပွားဆဲမလို့ ခဏဆိုင်းငံ့တယ်ပြောတယ်ပေါ့ အမျိုးမျိုးပြောတာ အဲ့တော့ခုံသမာဓိက အလုပ်ပြန်ဝင်ဖို့ပြောလိုက်တယ် အမိန့်တော့ မကျသေးဘူး”ဟု ကိုဇင်ဝေအောင်မှ ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ခွင်များအတွင်း အလုပ်သမားများ၏ အခွင့်အရေးချိုးဖောက်ခံရမှုများသည် ဥပဒေအားနည်းမှုနှင့် အစိုးရဘက်မှ အလုပ်ရှင်များအပေါ် ထိရောက်သည့် အရေးယူမှု မရှိခြင်းများကြောင့်ဖြစ်ကြောင်းလဲ ကိုဇင်ဝေအောင်မှ သုံးသပ် ပြောဆိုထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #Pepsi #အလုပ်သမားအခွင့်အရေး