မန္တလေး ပတ်စ်ပို့ရုံးတွင် တန်းစီချိန်အတွင်း လူပိ၍ အမျိုးသမီးနှစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရ

Author လင်းနွေဦး/ YZ
Categories
Published on Feb 19, 2024

မန္တလေးမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန  လက်အောက်ရှိ နိုင်ငံကူးလတ်မှတ် ထုတ်ပေးသည့် မန္တလေးတိုင်း ပတ်စ်ပို့ရုံးတွင် ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ခွဲဝန်းကျင်တွင် တန်းစီစောင့်ဆိုင်းသည့် လူများ တိုးဝှေ့ရာမှ လူပိ၍ အမျိုးသမီး နှစ်ဦး သေဆုံးကာ လူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်နေရာတွင် ရှိနေသူ မျက်မြင်ပြည်သူ တစ်ဦးမှ CJ Platform သို့ အတည်ပြု ပြောသည်။

 

မန္တလေး ပတ်စ်ပို့ရုံးခွဲတွင် နိုင်ငံကူးလတ်မှတ် ပြုလုပ်ရန် လျှောက်လွှာများကို အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေသဖြင့် ပြည်သူများ တိုးဝှေ့တန်းစီကာ ညအိပ်စောင့်ဆိုင်းမှုများအထိ ပြုလုပ်နေခြင်းဖြစ်ပြီး လျှောက်ထားရန် စောင့်ဆိုင်းသူ အဆမတန် များပြားခြင်း​ကြောင့် ယခုကဲ့သို့ မတော်တဆမှုများအထိ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ပတ်စ်ပို့လာရောက်လျှောက်ထားသည့်  မျက်မြင်သက်သေဖြစ်သူ အသက် ၃၅နှစ် အရွယ် အမျိုးသမီးမှ ဆိုသည်။

 

“ညီမတို့က မအိပ်ပဲသွားတာ လူကအရမ်းများတယ် နေရာတွေ ဦးသူ လုတာပေါ့။ ၂နာရီကျော်လောက် မှာ ရဲတယောက်ထွက်လာတော့ လူအုပ်က အတင်းစုတိုးကြတယ် ညီမတို့​ကြောက်လို့ ပြေးထွက်တာ မိန်းကလေး နှစ်ယောက်ဆုံးတယ် ပြောတယ်။ အသေးစားဒဏ်ရာရတာ လေးယောက်လောက်ရှိမယ် ” ဟု ထိုင်းနိုင်ငံသို့ သွားရောက်ရန် ပတ်စ်ပို့လာရောက်လျှောက်ထားသည့် အဆိုပါ အမျိုးသမီးမှ CJ Platform သို့ပြောသည်။

 

စစ်ကောင်စီမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးသမီးများပါ ပါဝင်သည့် စစ်မှုထမ်းဥပဒေအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်ကာ ပြည်ပနိုင်ငံများသို့ အလျင်အမြန် ထွက်ခွာရန် စီစဉ်နေကြခြင်းလည်း ဖြစ်သည်။

 

ပတ်စ်ပို့ရုံးများတွင် လာရောက် တန်းစီလျှောက်ထားသူ အရေအတွက် မှာ သောင်းဂဏန်းအထိ ရှိနေပြီး ဦးစားပေး နေရာရရှိရန် အတွက် ညအိပ်စောင့်ဆိုင်းမှုများအပြင် ပွဲစားဆိုသူများမှ ပိုက်ဆံဖြင့်နေရာ  ရောင်းချမှုများလည်း ရှိနေကြောင်း ကိုယ်တိုင် ညအိပ်စောင့်ဆိုင်းခဲ့သည့်  အသက် ၃၀ နှစ် အရွယ် အမျိုးသမီးတစ်ဦးမှ CJ Platform သို့ ထပ်မံအတည်ပြု ပြောသည်။

 

“ညီမလည်း ကိုယ်တိုင် ညအိပ်စောင့်ခဲ့တာ။ လူအတော်များတယ်။ သောင်းချီလောက် အထိ ကို ရှိတယ်။ ပွဲစားယောင်ယောင် လုပ်စား​တွေလည်း အများကြီးပဲ။ သူတို့က ရှေ့ဘက်ဆိုတဲ့နေရာတွေ ဦးထားကြပြီး ​အဲ့နေရာတွေ လိုချင်ရင် ဝယ်ရတယ်။ ဈေးက သိန်းချီပြီး အစားစားရှိတယ် “ဟု ၎င်းအမျိုးသမီးမှ ပြောသည်။

 

နိုင်ငံကူးလက်မှတ်များထုတ်ပေးသည့် တိုင်းဒေသကြီးနှင့် မြို့နယ်ရုံးခွဲများတွင် လျှောက်လွှာတင်ရသည့်ပုံစံများ ကွဲပြားလျက်ရှိပြီး ရန်ကုန်တိုင်း ပတ်စ်ပိုစ့်ရုံးတွင် လျှောက်လွှာတင်လိုပါက online booking စနစ်ဖြင့် တင်ရပြီး ကျန်မြို့နယ် များ၌ လူကိုယ်တိုင်လျှောက်လွှာတင်ခြင်းကိုသာ ခွင့်ပြုကာ လျှောက်ထားသူ လူအရေအတွက် များပြားမှုကြောင့် နိုင်ငံကူးလတ်မှတ် ပတ်စ်ပို့ စာအုပ်ရရှိလာသည်အထိ ကြားကာလ လုပ်ငန်းစဉ်များမှာ ကာလအတန်ကြာ ကြန့်ကြာမှုများ ရှိနေသည်ဟု  မြေပြင် သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။