မန္တလေး၌ ပျောက်ဆုံးနေသော ငါးနှစ်အရွယ်ကလေးအား ၄ရက်ကြာသည်အထိ ပြန်မတွေ့သေး

Author မေ
Categories
Published on Dec 15, 2022

မန္တလေးမြို့၌ နေအိမ်ရှေ့တွင် ဆော့ကစားရာမှ ပျောက်ဆုံးနေသော ငါးနှစ်အရွယ်ကလေးငယ်ကို ယနေ့အထိ ပြန်လည်မတွေ့သေးကြောင်း မိသားစုထံမှ သိရသည်။

ဒီဇင်ဘာ ၁၁ရက် နေ့လည် ၃နာရီကျော်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၁လမ်း၊ ၃၀×၃၁လမ်းထောင့်ရှိ နေအိမ်တစ်အိမ်ရှေ့၌ အသက်ငါးနှစ်အရွယ် ကလေးငယ်မှာ ဆော့ကစားနေစဉ် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

” ၁၁ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၃နာရီဝန်းကျင်က ပျောက်တာ။ သက်ဆိုင်ရာတွေလည်း သတင်းပို့ထားတယ်။ အကုန်လုံးလည်း လှည့်ပတ်ရှာတယ်။ အခုအချိန်အထိတော့ မတွေ့သေးဘူး။ ၇၁လမ်း လမ်း ၃၀× ၃၁လမ်းထောင့်နဲ့ ပိုနီးတယ်။ မုန့်ဆိုင်ရှေ့လေးမှာဘဲ ဆော့နေတာ။ ဆော့နေတာကနေ သုံးမိနစ်တောင်မပြည့်ဘူး အဲ့ဒီအတွင်းမှာ ပျောက်တာ။ “ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ပျောက်ဆုံးနေသည့် ကလေးငယ်မှာ အသက် ငါးနှစ်အရွယ်ရှိကာ မူကြိုကျောင်းတက်ရောက်နေသူ ဖြစ်ကြောင်းသိရသည်။ ကလေးငယ်ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ မိသားစုက ရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားသော်လည်း ပျောက်ဆုံးချိန်မှ ယနေ့အထိ လေးရက်ကြာမြင့်ပြီဖြစ်သော်လည်း သတင်းအစအနပင် မရသေးကြောင်း သိရသည်။

မန္တလေးမြို့၌ ယခုရက်ပိုင်းအတွင်း ကလေးငယ်အချို့ ပျောက်ဆုံး၍ ကူညီရှာဖွေပေးရန် အကူအညီတောင်းခံမှုများ ရှိနေကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မန္တလေး #လူပျောက်