မန္တလေး၊ ပြည်သူ့ဆေးရုံကြီးအရှေ့ ဆေးဆိုင်တန်း မီးလောင်

Author အေတီ
Categories
Published on Mar 25, 2024

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် လမ်း၃၀၊ ၇၆လမ်းနှင့် ၇၇လမ်းကြား ပြည်သူ့ဆေးရုံကြီးအရှေ့ ဆေးဆိုင်တန်းတွင် ယနေ့ မတ် ၂၅ရက် ညနေပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

 

မီးလောင်မှုမှာ ညနေ ၄နာရီ ၃၀မိနစ်အချိန်ခန့်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄နာရီ ၅၂မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“မီးလောင်တာကတော့ ဘယ်ဆေးဆိုင်ခန်းက စလောင်လည်း မသိဘူး။ ဆေးရုံးကြီးရှေ့မှာတော့ တစ်တန်းလုံးက ဆေးဝါးနဲ့ဆေးရုံသုံးပစ္စည်းတွေရောင်းတဲ့ဆိုင်တွေ၊ ဆေးခန်းတွေပဲရှိတယ်။ အဲ့ဆေးဆိုင်တွေရဲ့ အနောက်ဘက်ကနေ မီးခိုတွေအူတက်လာတာပဲမြင်ရတယ်။ မီးသတ်ကားတွေကတော့ လမ်း၃၀ပေါ်ကနေရပ်ပြီး ဆေးဆိုင်အမိုးတွေပေါ်ကနေ မီးငြိမ်းသတ်နေတာတွေ့ရတယ်”ဟု မီးလောင်မှုအား ကိုယ်တိုင်မြင်တွေ့သူ မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

 

မီးလောင်မှုဖြစ်စဉ်ကြောင့် ဆေးရုံကြီးရှေ့ လမ်း၃၀တစ်လျောက် မီးသတ်ယာဉ်များနှင့် ဝိုင်းဝန်းမီးငြိမ်းသတ်သူများ၊ ကြည့်ရှုသူများဖြင့် ပြည့်ကြပ်သွားခဲ့သည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး မီးလောင်သည့်အကြောင်းရင်းနှင့် ထိခိုက်ဆုံးရှုံးမှုများကို CJ Platformအနေဖြင့် အတည်ပြု စုံစမ်းလျက်ရှိသည်။

 

အလားတူ ယနေ့ မတ် ၂၅ရက်တွင် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်းပဒံကျေးရွာ ရွှေကမ်းသာယာအိမ်ရာဝန်းအတွင်း မြက်ခြောက်မီးလောင်မှုတစ်ကြိမ်၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာအနီးတွင် မြက်ခြောက်မီးလောင်မှုတစ်ကြိမ်၊မင်္ဂလာဒုံမြို့နယ်၊ ၂-က ရပ်ကွက် ရန်ကုန်-ပြည်လမ်းမဘေးတွင် မီးလောင်မှုတစ်ကြိမ်၊ဧရာဝတီတိုင်း လပွတ္တာမြို့၊ အမှတ်(၈)ရပ်ကွက်၊ သီတာလမ်းတွင် မီးလောင်မှုတစ်ကြိမ်၊ စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်တွင် မီးလောင်မှုတစ်ကြိမ်နှင့် ကရင်ပြည်နယ် ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက် သီတာအနောက်လမ်းတွင် မီးလောင်မှုတစ်ကြီစီဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ဖော်ပြချက်အရ သိရသည်။

ဓာတ်ပုံ-Than Htay