မန္တလေးမြို့ အဝင်အထွက် အဓိကစောင့်ကြည့်ကင်မရာ နှစ်နေရာကို ဖောက်ခွဲဖျက်ဆီး

Author မင်းထက်
Categories
Published on Mar 08, 2024

မန္တလေးမြို့အဝင်အထွက်ကို စစ်ကောင်စီက မှတ်တမ်းတင်စောင့်ကြည့်ရာ CCTV အထိုင်ပုံးများကို ယမန်နေ့ နံနက်ပိုင်းက ပြန်လည်အသုံးပြုမရသည်အထိ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရွှေတောင်ပံစစ်ဆင်ရေးမှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

“မန္တလေးမြို့အဝင်အထွက် CCTV ထိန်းချုပ်ထားတဲ့ မန်း-မတ္တရာ အဝင်အထွက်နေရာပါ။ မန်း-ပြင်ဦးလွင်၊ မန်း-စစ်ကိုင်း၊ မန်း-ရန်ကုန် လမ်းဟောင်း၊ လမ်းသစ် စတဲ့နေရာတွေဟာ မန္တလေးမြို့အဝင်အထွက် အဓိကကျတဲ့ နေရာတွေပါပဲ။ ဒီအထဲက နှစ်နေရာကို ဖောက်ခွဲခဲ့တာပါ။ တစ်နေရာကတော့ ပြည်သူ အနီးကပ်ရှိနေလို့ ဖျက်သိမ်းခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

 

ယမန်နေ့ မတ် ၇ ရက် နံနက် ၈ နာရီခန့်က အောင်မြေသာဇံမြို့နယ်၊ ၂၂ လမ်းနှင့် ကန်ပတ်လမ်းပေါ်ရှိ CCTV Main Server အထိုင်ပုံး ဖောက်ခွဲခံရမှုအပြီး အိမ်စီးကားသုံးစီးဖြင့် စစ်ကောင်စီလက်အောက်ခံရဲများရောက်လောကြောင်း၊ ထို့နောက် ၂ နာရီခန့်ခွာပြီး ရဲအကြီးပိုင်းများရောက်လာကာ ဓာတ်ပုံလာရိုက်ယူသွားကြောင်း အထက်ပါတာ၀န်ရှိသူက ပြောသည်။

 

တစ်ချိန်တည်းမှာပင် မန္တလေးအဝင် နောက်ထပ်တစ်နေရာ(တည်နေရာလျို့ဝှက်)ကို ထိန်းချုပ်ထားသော CCTV main server အထိုင်ကို ဖောက်ခွဲရန်ပြုလုပ်ရာ အထိုင်ပုံးပတ်လည်နေရာတွင် ပြည်သူများရောက်ရှိနေသဖြင့် မစ်ရှင်အား ဖျက်သိမ်းကာ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

ယခုလုပ်ဆောင်ချက်များသည် စစ်ကောင်စီက မန္တလေးမြို့အဝင်နေရာများကို တင်းကြပ်စွာ ထိန်းချုပ်ထားခြင်းအတွက် သတိပေးဖောက်ခွဲခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုကို တစ်စုံတစ်ရာထိခိုက်စေလိုခြင်းလုံးဝမရှိပါကြောင်း ရွှေတောင်ပံစစ်ဆင်ရေးမှ တာဝန်ရှိသူက ဆိုသည်။

 

အထက်ပါ စစ်ဆင်ရေးလုပ်ဆောင်ချက်ကို အောင်စည်တော်၏ ရွှေတောင်ပံစစ်-ဆင်ရေး (မန္တလေး) ရဲဘော်များက တစ်ပြိုင်နက်ထဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မစ်ရှင်ဆောင်ရွက်ခဲ့သော ရဲဘော်များသည် အထိခိုက်မရှိ ဘေးလွတ်ရာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီကြီးစိုးနေသော မန္တလေးမြို့ပေါ်တွင် ပုံမှန်အနေအထားဖြင့် သွေးအေးမနေစေရန် အဓိကရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်သည်။ ပျောက်ကြားစစ်ဆင်ရေး ရဲဘော်များသည် မြို့ပေါ်ရှိ အချိန်အခါအခွင့်အရေးကို စောင့်စားနေခြင်းသာဖြစ်ပြီး သွေးအေးလိမ့်မည်မဟုတ်ကြောင်းကို ပြည်သူများအား သိစေလိုသည်ဟု ရွှေတောင်ပံစစ်ဆင်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်