မန္တလေးမြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်အား လူ၉ဦးက ဓါးများကိုင်ဆောင်ကာ ဝင်ရောက် ဓါးပြတိုက်၍ ဖုန်းအလုံး ၁၅၀ခန့်ကို ယူဆောင်သွား

Author မေ
Categories
Published on Oct 25, 2022

မန္တလေးမြို့၌ ယနေ့ နေ့လယ်က ဖုန်းဆိုင်တစ်ဆိုင်အား လူ၉ဦးက ဓါးများကိုင်ဆောင်ကာဝင်ရောက် ဓါးပြတိုက်၍ ဖုန်းအလုံး ၁၅၀ခန့်ကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ယနေ့ (အောက်တိုဘာ ၂၅)ရက် နေ့လယ် ၂နာရီ အချိန်ခန့်က အဆိုပါ ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ဓါးပြတိုက်ခံရသည့်ဆိုင်မှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဂုံး အနောက်ခြမ်းရှိ၊ ဘုရားကြီး တောင်ဘက်မုဒ် အနီး၌ ဖွင့်လှစ်ထားသော အောင်ဇေ ဖုန်း Second အရောင်းဆိုင်ဖြစ်ကြောင်း သိရသည်။ ၎င်းဆိုင်သို့ လူ ၉ဦးခန့် ပါဝင်သည့် လူတစ်စုက ရုတ်တရတ် ဓါးများဖြင့် ဝင်ရောက်လာကာ ဝန်းထမ်းတစ်ဦးအား ထိုးကြိတ်ပြီးနောက် ဆိုင်ရှိ ဖုန်းအားလုံးအား ယူဆောင်သွားခြင်းဟု သိရသည်။

” နေ့ခင်းကြောင်တောင်ကြီး ဓါးတွေနဲ့ ဝင်လာပြီး ဝန်ထမ်းတစ်ယောက်ကို ထိုးကြိတ်ပြီး ဓါးပြတိုက်သွားတာပါ။ အသေးစိတ်တော့ မစစ်ဆေးရသေးပေမဲ့ စုစုပေါင်း အမျိုးအစား အစုံ ဖုန်း ၁၅၀နီးပါးလောက်တော့ ပါသွားပါတယ်”ဟု အဆိုပါ ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ဓါးပြတိုက်မှုကြောင့် ဆိုင်ရှိ ကျပ် ၂သိန်း တန်ဖိုးခန့်ရှိသည့် ဖုန်းများမှ ကျပ်သိန်း ၂၀ကျော်တန်ဖိုးရှိသည့် ဖုန်းများ အထိ ဖုန်းအလုံး ၁၅၀ နီးပါး လုယက်သူများထံ ပါဝင်သွားကြောင်း သိရသည်။ လက်ရှိ၌ သက်ဆိုင်ရာ ရဲစခန်း၌ အမှုဖွင့်လှစ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

မန္တလေးမြို့၌ လုယက်မှုများစွာ ဖြစ်ပေါ်နေရာမှ ယခုကဲ့သို့ နေ့ခင်းကြောင်တောင် အချိန်၌ပင် လုယက်ဓါးပြတိုက်မှုကို ရဲတင်းစွာ ကျူးလွန်လာသဖြင့် မန္တလေးမြို့တွင် နေထိုင်သူများက လုံခြုံရေးအတွက် စိုးရိမ်မှု များစွာ ဖြစ်ပေါ်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။