မန္တလေးမြို့တွင် ရဲဟန်ဆောင်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွား

Published on Feb 23, 2024

မန္တလေးမြို့တွင် ရဲဟန်ဆောင်ကာ လူအုပ်စုဖြင့် အမျိုးသားတစ်ဦး၏ ဆိုင်ကယ်ကို လူယက်မှု ဖေဖော်ဝါရီလ ၂၂ ရက်က  ဖြစ်ပေါ်ခဲ့ကြောင်း  သိရသည်။

 

ဆိုင်ကယ်လုယက်မှုမှာ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ် ၂၂ လမ်းနှင့် ၈၉ လမ်းကြား တစ်နေရာ မြို့လယ်ခေါင်တွင် ည ၇ နာရီခွဲခန့်အချိန်က အသက် (၄၆) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို ရဲကားဟန်ဆောင်လူတစ်စုက  ခဲရောင် smart key 2021modelပါ  82w/76679 ဆိုင်ကယ်အား လုသွားကြောင်း ယခုဖြစ်စဉ်ကို သိရှိသူ ခိုင်မာသောသတင်းရင်းမြစ်မှ CJ Platform သို့ပြောသည်။

 

“ဆိုင်ကယ်ကို Mark II ကားနဲ့တားပြီး ရဲဟန်ဆောင်ပြီးလုတာ လူလေးယောက် ကျည်ကာအင်္ကျီနဲ့ mask တပ်ထားတယ်။ နှစ်ယောက်က ထွက်လာပြီး ဆိုင်ကယ်ကကိုတားတယ်။ ကားကို စက်သတ်မထားဘူး တခုခုဆို ပြေးလို့ရအောင်နေမှာ” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

 

လုယက်သူများမှာ လူလတ်ပိုင်းများဖြစ်ပြီး လုယူနေစဉ် သေနတ်နဲ့ပစ်သတ်ရန် တိုင်ပင်နေချိန် အလုခံရသူက ဆိုင်ကယ်အားမပေးနိုင်ကြောင်း ပြောသောအခါ လုယက်သူများက ဓါးနဲ့ထိုးရန်ပြုသောကြောင့် ထွက်ပြေးလာသည်ဟု သိရသည်။

 

မန္တလေးမြို့ပေါ်တွင် မကြာခဏ ဆိုသလို ဆိုင်ကယ်လုယက်လူသတ်မှုများမကြာခဏ ဖြစ်ပွားလေ့ရှိပြီး လူခြေပြတ်သည့်နေရာများသို့ မသွားသင့်ကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

 

“မလုံခြုံတော့ဘူး ဘယ်သွားသွား လုယက်နေကြတာ လူပြတ်တဲ့နေရာ မသွားတာကောင်းတယ်” ဟု ၎င်းက ပြောသည်။

 

နီးစပ်ရာရဲစခန်းများတွင် ဆိုင်ကယ်ပျောက်တိုင်ထားပြီး ဆိုရှယ်မီဒီယာပေါ်တွင်လည်း ဆိုင်ကယ်ပျောက်ကြောင်းတင်ထားသည်ဟု မိသားစုဝင်များနဲ့နီးစပ်သူတစ်ဦးမှ ပြောသည်။

 

မန္တလေးမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၉)ရက် နေ့လည်ပိုင်းအချိန်က ဆိုင်ကယ်ဖြင့် ကလေးကျောင်းပို့ပြန်လာသူအမျိုးသားတစ်ဦးကို လူလေးယောက်က တားဆီးကာ ဓါးဖြင့်ခုတ်သတ် ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် လူသတ်မှု၊လုယက်မှု၊ဓါးပြတိုက်မှု စသည့်ရာဇဝတ်မှုများ စဉ်ဆက်မပြတ်ဖြစ်လျက်ရှိပေမယ့် စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းမှ ထိရောက်သည့်ဖမ်းဆီးအရေးယူမှု များ အားနည်းလျက်ရှိကြောင်း မြို့ခံများက ပြောသည်။