မန္တလေးမြို့တွင် စစ်ကောင်စီတပ်က စာသင်ကျောင်းများနှင့် ဘုရား‌စေတီများ အပါအဝင် နေရာ ၂၀ကျော်တွင် ထပ်မံ တပ်စွဲထား

Author အဂ္ဂ
Categories
Published on Nov 16, 2023

မန္တလေးမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှ စတင်ကာ လူစည်ကားရာနေရာများ၊ စာသင်ကျောင်းများနှင့် ဘုရားကျောင်းများ အပါအဝင် နေရာ ၂၀ကျော်တွင် စစ်ကောင်စီတပ်များက ထပ်မံ နေရာယူ တပ်စွဲထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

 

မန္တလေးမြို့၏ ထင်ရှားသော နေရာတစ်ခုဖြစ်သည့် စျေးချိုတော် အပေါ်ထပ်တွင် နိုဝင်ဘာလ ဒုတိယအပတ်မှ စတင်ကာ  တပ်စွဲထားလျက်ရှိသည်ဟု ‌မန္တလေး မြို့ခံ ပြည်သူတစ်ဦးက ပြောသည်။

 

“ဈေးချို အပေါ်ထပ်မှာ တပ်စွဲထားတယ်၊ စာသင်ကျောင်းတွေမှာပါ အခုက တပ်ပြန်စွဲနေပြီ၊ မြို့နယ်‌ တော်တော်များများမှာပါ၊ ပုသိမ်ကြီးမြို့နယ်မှာဆို အထကကျောင်းရော၊ ရန်ကင်းတောင်ဘက်က ဘုန်းကြီးကျောင်းတွေရောပဲ “ဟု ၎င်းက ပြောသည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းတို့တွင်သာမက မန္တလေးမြို့နှင့် တဆက်တည်းဖြစ်သည့် မတ္တရာမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အထိနာခဲ့သောကြောင့် မန္တလေးသို့ တိုက်ပွဲများ ကူးစက်လာမည်ကို စိုးရိမ်နေ၍ မန္တလေးမြို့ကို ယခုကဲ့သို့ ခံစစ်မြို့အဖြစ် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ဒေသခံတချို့က မှတ်ချက်ပြုပြောသည်။

 

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သည် မန္တလေးနန်းတွင်းရှိ စစ်တပ်မိသားစုဝင်များအား စစ်‌ကားများဖြင့် ခေါ်ထုတ်၍ မြို့ထဲတွင် နေရာချထားပေးလျက် ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

 

ပုံစာညွှန်း – စစ်ကောင်စီ၏ မန္တလေးမြို့ နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)အား ဂြိုလ်မြေပုံမှတဆင့် မြင်ရပုံ