မန္တလေးတွင် ၁၀ ရက်အတွင်း မီးလောင်မှု ငါးကြိမ်တွင် သုံးဦးသေဆုံး

Author အေတီ
Categories
Published on Mar 11, 2024

မန္တလေးတိုင်း၊ မန္တလေးမြို့ရှိ မြို့နယ်အချို့တွင် နွေရာသီ မတ်လ ၁၀ ရက်အတွင်း မီးလောင်ကျွမ်းမှု ငါးကြိမ်ဖြစ်ပွားခဲ့ရာတွင် ၁၄ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

မတ် ၂ ရက်က ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ ၅၉ လမ်း၊ ၁၁၂ လမ်းနှင့် ၁၁၃ လမ်းကြားဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် (၁၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

မတ် ၄ ရက်က ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီ၊ ၄၈ လမ်းနှင့် ၄၉ လမ်းရှိ လိုတရစက်သုံးဆီဆိုင်၊ မတ် ၅ ရက်က အောင်မြေသာစံမြို့နယ် ၇၆ လမ်း၊ ၄ လမ်းနှင့် ၅ လမ်းကြား မီးလောင်မှု၊ မတ် ၇ ရက်က ၆၈ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြား မီးလောင်မှုဖြစ်စဉ်တွင် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

 

ထို့ပြင် ယမန်နေ့ မတ် ၁၀ ရက်က အမရပူရမြို့နယ်၊ ကဘဲကျေးရွာအနီး စစ်ကိုင်း-မြစ်ငယ်ကားလမ်းဘေးရှိ အောင်သမာဓိစက်သုံးဆီဆိုင်အတွင်းရှိ ဆီဘောက်ဆာကားမီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ရာမှတစ်ဆင့် စက်သုံးဆီဆိုင်တစ်ဆိုင်လုံး မီးလောင်ကျွမ်းခဲ့သည့်အပြင် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မတ်လ ၁၀ ရက်အတွင်း စုစုပေါင်း မီးလောင်ကျွမ်းမှု ၅ ကြိမ်ဖြစ်ပေါ်ခဲ့ရာတွင် စက်သုံးဆီဆိုင် လောင်ကျွမ်းမှု နှစ်ကြိမ်၊ လူနေအိမ်လောင်ကျွမ်းမှု ၃ ကြိမ်ဖြစ်ပွားခဲ့သည်။ မီးလောင်မှုများကြောင့် အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသားနှစ်ဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့ရသည်။

 

ထိုမီးလောင်မှုများ၏ အကြောင်းအရင်းနှင့် ဖြစ်စဉ်အသေးစိတ်ကို CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

နွေဦးရာသီအစ ပူပြင်းခြောက်သွေ့ချိန်တွင် နှစ်စဉ် မန္တလေးမြို့သည် အခြားမြို့ဒေသများထက် ပူပြင်းမှုဒဏ်နှင့် မီးလောင်မှုဖြစ်စဉ်များကို ပိုမိုကြုံတွေ့ခံစားရခြင်းကြောင့် မြို့လူထုအနေဖြင့် မီးဘေးအန္တရာယ်ကို အထူးသတိပြုဂရုစိုက်ရန်လိုအပ်ကြောင်း မြို့ခံအချို့က သုံးသပ်ပြောကြားသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်

 

ပုံစာ – မတ်လဆန်းပိုင်းက မန္တလေးမြို့အတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ် ပုံရိပ်များ