မန္တလေးတွင် တစ်မနက်အတွင်း ဗုံးသုံးကြိမ်ပေါက်

Author မင်းထက်
Categories
Published on Nov 28, 2023

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင်  ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲမှု သုံးနေရာ ဖြစ်ပေါ်ခဲ့​ကြောင်း ဒေသခံပြည်သူများက CJ Platform သို့ ပြောသည်။

 

ယနေ့ နိုဝင်ဘာလ ၂၈ နံနက် ၆ နာရီ၀န်းကျင်တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ အိုးတော်ရက်ကွက်ရုံး နှင့် ကန်တော်ကြီးမီးပွိုင့်တွင် လည်းကောင်း၊  ယနေ့  နံနက် ၇ နာရီခန့်အချိန် မန္တလေးမြို့၊  ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၅ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းအနီး ထွေအုပ်ရုံးတွင်လည်းကောင်း ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

“မီးပွိုင့်ကတော့ ထိခိုက်မှုမရှိဘူးလို့ သိရတယ်။ ကျန်နှစ်ခုကတော့ သေချာမသိရသေးဘူး”ဟု Voice Of Mandalayမှ တာ၀န်ရှိသူတစ်ဦးက ​ပြောသည်။

 

ယနေ့  နံနက်ခင်းပိုင်းတွင် မန္တလေးမြို့၌ ဗုံးပေါက်ကွဲမှု စုစုပေါင်း သုံးနေရာ ရှိကြောင်း၊ ဗုံးပေါက်ပြီးနောက် စစ်တပ်မှ သေနတ်ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

 

ထို့ပြင် ယနေ့ နိုဝင်ဘာလ ၂၈ရက် နေ့တွင် တော်လှန်ရေး အရှိန်မြှင့်တက်လာသည်နှင့်အညီ  ရွှေတောင်ပံစစ်ဆင်ရေးသည်လည်း တစ်ဖက်တွင် မြို့သိမ်းတိုက်ပွဲများကို ဆက်လက် အားကောင်းစွာ ဖော်ဆောင်နေသည့် နောင်တော်ကြီးများ၏ 1027 စစ်ဆင်ရေးနှင့်အတူ တော်လှန်ရေးအား ပူးပေါင်းပါဝင်သည့် ပထမဆုံး စစ်ဆင်ရေးအဖွင့်အား မန္တလေးမြို့၏ မြို့နယ်များတွင် စိမ့်ဝင်ရောက်ရှိနေပြီဖြစ်သော ရွှေတောင်ပံ ရဲဘော်များနှင့် တော်လှန်ရေးမဟာမိတ်များမှ အောင်မြင်စွာ လှုပ်ရှားနိုင်ခဲ့ကြောင်း ၊ မြို့နယ်သုံးခုတွင် တစ်ချိန်တည်း တပြိုင်ထဲဖောက်ခွဲကာ ယနေ့ စတင်လိုက်ပြီဖြစ်ပါကြောင်း အောင်စည်တော် ရွှေတောင်ပံစစ်ဆင်ရေး- မန္တလေး (AST-MDY) က အသိပေးထုတ်ပြန်ထားသည်။

 

ပြည်သူများအနေဖြင့်လည်း ရဲဘော်များနှင့်အတူ အသံနှင့်အလံကို နားစွင့်ကာ စစ်ကောင်စီ လှုပ်ရှားမှုများအား စောင့်ကြည့် ကာကွယ်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးပါရန်နှင့် ပြည်သူများ မျှော်လင့် စောင့်စားနေခဲ့ရသော မြို့သိမ်းတိုက်ပွဲအတွက် အထောက်အကူဖြစ်စေမည့် စစ်ရေးတိုက်ခိုက်မှုများကို အချိန်အခါကောင်းကောင်းတွင် သတိကြီးကြီးဖြင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်