မန္တလေး‌တွင် ညမထွက်ရအမိန့် ရုပ်သိမ်းထားသော်လည်း လုံခြုံရေးအများအပြားချထားပြီး ပေါ်တာဆွဲသည့်သတင်းများ ထွက်နေ

Author အဂ္ဂ
Categories
Published on Nov 10, 2023

မန္တလေး‌မြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်ကာ ညမထွက်ရအမိန့် ရုပ်သိမ်းထားသော်လည်း လုံခြုံရေး အများအပြားချထားပြီး ပေါ်တာဆွဲသည့် သတင်းများ ထွက်ပေါ်နေသောကြောင့် ပြည်သူများစိုးရိမ်နေရကြောင်း သိရသည်။

 

” ဟိုနေ့ကတည်းက လိုက်အော်နေတာ၊ ရပ်ကွက်တွေထဲမှာ၊ ည ၈ မနက် ၄ မထွက်ရ မဟုတ်တဲ့ အကြောင်းကို၊ သူတို့ကသာ စိတ်ချ လက်ချသွားပြောနေတာ၊ လုံခြုံရေးတွေကတော့ အတော်များတယ်၊ ညဘက်ဆို နည်းနည်းနောက်ကျတာနဲ့ အကုန်စစ်တယ်၊ ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းတွေကလည်း ဆက်တိုက်ကြားနေရတော့၊ လုပ်စားရတာကတစ်မျိုး၊ သူတို့ကတစ်မျိုးနဲ့ ” ဟု မြို့ခံပြည်သူတစ်ဦးက ပြောသည်။

 

ညဘက်အချိန်များတွင် စစ်ကောင်စီတပ်မှ မန္တလေးမြို့အနှံ့အပြားရှိ လမ်းများတွင် စစ်ဆေးမှုများ ပြုလုပ်ကာ လူငယ်များကို အဓိကထား စစ်လေ့ရှိပြီး ပေါ်တာစွဲသည့်ကိစ္စများကို ပြုလုပ်နေသည်ကို မြင်တွေ့ခဲ့ရသည့် သူများလည်း ရှိကြောင်းသိရသည်။

 

” ဘာလို့သိရတာလဲဆိုတော့ ဒီလိုဗျ၊ဟိုတစ်နေ့က ကျွန်တော့်ညီတွေ အပြင်သွားတာ၊လမ်းမှာ သူတို့တွေကို လှမ်းတားတယ်၊ သူတို့ကလည်း ပြန်လှည့်ပြီး ဆိုင်ကယ်အမြန်‌မောင်း ရတယ်၊ သူတို့ရှေ့မှာတင် လူ ၃ယောက်ကို တင်သွားတယ် ၊၆၉ သိပ္ပံလမ်းထောင့်မှာပါ “ဟု မြို့ခံတစ်ဦးက ပြောသည်။

 

မန္တလေးမြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်နှင့်အမျှ လုယက်မှု ခိုးမှုများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီတပ်မှ ဖမ်းဆီးအရေးယူများ နည်းပါးကာ လုံခြုံရေး အင်အား တိုးမြင့်ချထားပြီး စစ်ဆေးတင်းကျပ်မှုများသာ ပြုလုပ်နေသောကြောင့် ပြည်သူများ အခက်ကြုံနေရသည်။