မန္တလေးတိုင်းတွင် စစ်ကောင်စီတပ်စခန်း စသိမ်း

Author မင်းထက်
Categories
Published on Nov 17, 2023

မန္တလေးတိုင်းအတွင်း ပထမဆုံးအနေဖြင့် မြင်းခြံမြို့နယ် ကိုင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအဖွဲ့က ယမန်နေ့ နံနက်အစောပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ကြောင်း ပုဂံပြည်ဘီလူးတပ်မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

“စခန်းမှာက အင်းအား ၃၀ ခန့်ရှိပါတယ်ဗျ။ တိုက်ခိုက်ချိန်ကလည်း သိပ်မကြာလိိုက်ပါဘူး။ နာရီ၀က်လောက်နဲ့ပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

 

တိုက်ပွဲစတင်ပြီး မိနစ်ပိုင်းအတွင်းမှာပင် စစ်ကောင်စီတပ်သားများနှင့် ပျူများ ထိခိုက်ဒဏ်ရာများဖြင့် စခန်းကို စွန့်ခွာထွက်ပြေးသွားသဖြင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့၀င်များက စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

 

ထိုစစ်ကောင်စီစခန်းမှ ဘန်ကာနှင့် အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများမှာ MA 1(N 963426) ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကပစ ထုတ် ၅.၅၆ ကျည် ၇၀၄ တောင့်၊ ဦးထုပ် ၄ လုံး၊ Equipment ၄ စုံ၊ ကျောပိုးအိပ် ၄ လုံး၊ ယူနီဖောင်း ၁ စုံ၊ Badge တံဆိပ် စိစစ်ဆဲ၊ ရေဘူး ၁ ခု ၊ လက်ကိုင်ဖုန်း ၅ လုံး ၊ ဓား ၁ ချောင်း ၊ လက်နှိပ်ဓာတ်မီး ၂ ခု၊ တံဆိပ်တုန်း ၂ ခု ၊ စစ်ဘင်ဆိုင်ရာ စာရွက်စာတမ်းများသိမ်းဆည်းရမိကြောင်း  ပုဂံပြည်ဘီလူးတပ်မှ ထုတ်ပြန်သည်။

 

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများမှာ အထိခိုက်မရှိခဲ့ကြောင်း သိရသည်။

 

ထို့နောက် တပ်စခန်းအတွင်း ဒဏ်ရာရရှိပြီး ကျန်ခဲ့သော အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိသဖြင့် စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထားရှိပြီး လိုအပ်သော ဆေး၀ါးကုသမှုများပေးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ယင်းစခန်းကို မြင်းခြံခရိုင်အမှတ် ၁ ၊ ၂ ၊ ၃ ( တပ်ခွဲ ၁၊ ၃၊ ၄) ၊ ၈ တပ်ရင်း ၊ ညောင်ဦးခရိုင် ပကဖ၊  မြင်းခြံခရိုင် ပကဖ ၊ Burmese Guerrilla Force ၊ MGN 35 ၊ LACR (Myingyan) ၊ 8 Stars LPDF (Myingyan) ၊ Anyar Federal Task Force ၊ ကျေးရွာတပ်ပေါင်းစု – မြောင် ၊ Mp9 Brothers LPDF ၊ Freedom Fighter Guerrilla Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး Myingyam District Drone Strike (အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ )၊ CDSOM 001 ဒရုန်းတပ်ဖွဲ့ ၊ မြောင်မြို့နယ် ပလဖ ၊ ၀ရဇိန် လက်နက်ထုတ်လုပ်ရေးနှင့် တိုက်ခိုက်ရေးအဖွဲ့(မြောင်)တို့မှ စစ်ဆင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။