မတ္တရာမြို့ရှိ စစ်ကောင်စီစခန်းအား TNLA နှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား (၁၅)ဦး သေဆုံးကာလေးဦး အရှင်ဖမ်းမိ

Author မောင်ထူးဆန်း
Categories
Published on Nov 28, 2023

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အတွင်းရှိ စစ်ကောင်စီ စခန်းတစ်ခုအား တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် (မန္တလေး PDF) တို့မှ ပူးပေါင်းကာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MoD) မှ ထုတ်ပြန်သည်။

မတ္တရာမြို့ ရှိ စစ်ကောင်စီစခန်းအား နိုဝင်ဘာလ (၂၇) ရက်နေ့ မနက် (၈)နာရီ ခန့်တွင် TNLA နှင့် မန္တလေး PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် (၁၁)နာရီ ခွဲအချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီဘက်မှ တပ်သား (၁၅)ဦး သေဆုံးခဲ့ကာ လေးဦးအား အရှင်ဖမ်းဆီးရရှိ ခဲ့ပြီး လက်နက်ခဲယမ်းများအဖြစ် MA-4 နှစ်လက် ၊G-3 နှစ်လက်၊ G-4 ခြောက်လက် ၊ ငါးကြင်းမြီး စက်လက် တစ်လက်၊ ပစ္စတိုတစ်လက် ၊ RPG ပြောင်းခွံတစ်ခု နှင့် RPG ကျည်လေးလုံး ၊ 79 သီးနှင့် ၈၀ မမ ကိုးလုံး၊ ကျည်ဘောက် အမျိုးမျိုး (၂၆) ဘောက် ခန့်၊ Jammer စက် တစ်ခု နှင့် ကျည်အမျိုးမျိုး အပြင် စစ်အသုံးအဆောင် အမျိုးမျိုးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း MoD မှ ထုတ်ပြန်ချက် အတွင်း ဖော်ပြသည်။

သိမ်းပိုက် ရရှိသော စစ်ကောင်စီ၏ တည်နေရာအား MDY-PDF မှအတည်ပြု ထုတ်ပြန်ခြင်းမရှိသော်လည်း TNLA ၏ ထုတ်ပြန်ချက် အတွင်း၌ မတ္တရာမြို့နယ် ဂျိုပင်ကျေးရွာနှင့် သဖန်းကိုင်းကျေးရွာ ကြား၌ တည်ရှိသော စခန်း ဖြစ်သည်ဟု ပါရှိပြီး တိုက်ပွဲအတွင်း TNLA နှင့် MDY-PDF ဘက်မှ အထိအခိုက်အကျအဆုံး မရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး မစတင်မီကပင် မန္တလေးတိုင်းဒေသကြီးအတွင်း TNLA၊MDY-PDF တို့နှင့် စစ်ကောင်စီ တပ်များအကြားတိုက်ပွဲ ဖြစ်ပွားခြင်းများ ရှိခဲ့ပြီး “၁၀၂၇ စစ်ဆင်ရေး” စတင်ချိန်၌ MDY-PDF မှ “တောင်သမန် စစ်ဆင်ရေး”အား ကြေညာကာ မန္တလေး တိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် တိုက်ပွဲများဆင်နွှဲလျက်ရှိသည်။