မတ္တရာမြို့နယ်အတွင်း သုံးရက်ဆက်တိုက် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Author မင်းထက်
Categories
Published on Nov 15, 2023

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း သုံးရက်ဆက်တိုက် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ  လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့က ထုတ်ပြန်သည်။

 

နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ နိုဝင်ဘာ ၁၅ ရက်နေ့အထိ  မတ္တရာမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ တိုက်ပွဲ (၃)ရက်တာအတွင်း ရန်သူ့ဘက်မှ အင်အားအလုံးအရင်းဖြင့် အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ အကြိမ်ကြိမ် ပြန်ဆုတ်ခွာ သွားခဲ့ရကြောင်း ၊ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ကစဥ့်ကလျား ထွက်ပြေးသော ပျူစောထီးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများ ၁၅ မိနစ်ခန့် ကြာသည့်အထိ အချင်းချင်း မှားယွင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီက အင်အား ၈၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ၀င်ရောက်လာကာ မြို့နယ်အတွင်း  ထိတွေ့တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ရန်သူဘက်မှလည်း လက်နက်ကြီးများ ၊ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း ရန်သူဘက်မှ ပျူခေါင်းဆောင် ၁ ဦး အပါအဝင် အများအပြားအား ချေမှုန်းနိုင်ခဲ့ပြီး အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စစ်ကောင်စီတပ်သားများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တိုက်ရိုက် ကွပ်ကဲမှုအောက်၌ရှိသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မဟာမိတ် TNLA နှင့် မတ္တရာမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် နိုဝင်ဘာ ၁၄ ရက်နေ့က ကျောက်မဲမြို့ အခြေစိုက် စကခ- ၁ စစ်တပ်ဝင်းအတွင်းသို့ Drone ဖြင့် ဗုံးသီး ၈ လုံးကြဲချခဲ့ရာ ၈ လုံးစလုံး ပစ်မှတ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် တရစပ် ဖိအားပေး တိုက်ခိုက်နေခြင်းကြောင့်  ပြည်သူများအနေဖြင့် တိုက်ပွဲနှင့်ဝေးသော ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ စစ်ဦးစီးအဖွဲ့က မေတ္တာရပ်ခံ ထားသည်။