မတ္တရာတွင် အရပ်သားတစ်ဦးကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်၊ အသက် ၇၀ အရွယ်ရှိသူတစ်ဦးကိုမလွှတ်သေးဟုဆို

Author မင်းထက်
Categories
Published on Oct 07, 2023

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းရွာ၌ အထိုင်ချနေသော စစ်ကောင်စီတပ်သည် အရပ်သားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

စက်တင်ဘာလ ၃၀ ရက်က မတ္တရာမြို့နယ် သဖန်းကိုင်းရွာတွင် စစ်ကောင်စီတပ်သား ၅၀ ကျော်၀င်ရောက်လာပြီး ရွာလုံးကျွတ်နီးပါးကို ဖမ်းဆီးပြီးနောက် အမျိုးသမီးများကိုပြန်လွှတ်သော်လည်း အမျိုးသားများကို ဆက်လက်ဖမ်းဆီးထား​ခဲ့ပြီး တပ်စွဲထားခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၃ နာရီခန့်တွင် သဖန်းကိုင်းရွာမှ ပြန်ထွက်သွားခဲ့ပြီး နံနက် ၇ နာရီဝန်းကျင်တွင် တော်လှန်ရေးအဖွဲ့စည်းများက နယ် မြေရှင်းလင်းရေးဝင်ရောက်ချိန်တွင် ဖမ်းဆီးညှင်းဆဲသတ်ဖြတ်ကာ မြေမြှုပ်ထားခဲ့သော အလောင်း ၁ လောင်းတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ မတ္တရာမြို့နယ် ရုံးပင်ရွာနေ အသက် ၄၆ နှစ်အရွယ် ဦးသန်းထွန်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့နံနက်ပိုင်းက သဖန်းကိုင်းရွာမှထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် အောင်ချမ်းသာ(ခ)ရွာသာယာရွာသို့ ပြောင်းရွှေ့သွားကြောင်း၊ ယမန်နေ့ နေ့လယ်၂ နှစ်ရီဝန်းကျင်တွင် ၎င်းတို့ အထိုင်ချနေသော အောင်ချမ်းသာကျောင်းထဲသို့ ​ပြည်သူ့တော်လှန်ရေးအဖွဲ့များမှ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တော်လှန်ရေးအဖွဲ့တိုက်ခိုက်မှုကတော့ မြေပြင်အဖွဲ့တွေကထုတ်ပြန်ချက်မရှိသေးတော့ ကျနော်တို့ပြောခွင့်မရှိသေးဘူးဗျ ” ဟု ဒေသတွင်းသတင်းများကို ဖော်ပြလျက်ရှိသော The Voice of Mandalay ၏ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် သဖန်းကိုင်းအုပ်စု မြောင်းသစ်ကျေးရွာ၌ တပ်စွဲနေထိုင်နေသော အင်အား ၁၀၀ ကျော်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ နံနက် ၉ နာရီခန့်က မြောင်းသစ်ရွာမှ အပြစ်မဲ့ပြည်သူ ၃၀ ကျော်ကို ဓားစာခံအဖြစ်ဖမ်းစီးထားပြီး ကျောက်တံတားရွာသစ်သို့ထွက်ခွာသွားကြောင်း သိရသည်။

ထိုသို့ထွက်ခွာသွားပြီးနောက်  ရွာသစ်အရောက်တွင်ပြည်သူများကို ပြန်လွှတ်၍ အသက် ၇၀ ကျော် အရွယ်အဘိုးတစ်ဦးကို ကြိုးများတုပ်၍ ဆက်လက် ဖမ်းဆီးထား​ခဲ့ကြောင်း သိရသည်။

” ​မြောင်းသစ် မှာက စခ ၁၀၀ ရှိခဲ့တယ်။ သဖန်းကိုင်းကို၀င်တဲ့ နေ့ထဲက ရွာတွေကိုဝင်ကြတာ။ အဲဒီနေ့ထဲက တိုက်ပွဲဖြစ်ကြတာ။ ဖမ်းဆီးခံရတဲ့ အသက် ၇၀ ကျော် အဖိုးကလည်း မြောင်သစ်မှာဖမ်းမိတဲ့ပြည်သူ ၃၀ ထဲက တစ်ဦးပါပဲ။ ဒီနေ့လည်း မလွတ်သေးဘူး” ဟု The Voice of Mandalay ၏ တာ၀န်ရှိသူကပြောသည်။

၎င်းတပ်သားများသည် ယမန်နေ့ညနေ ၅ နာရီခွဲခန့်တွင် အင်အားခွဲ၍ faw ကား(၃)စီးဖြင့် ကျောက်တံတားရွာဘုန်းကြီးကျောင်းထဲသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အောင်ချမ်းသာမှ စစ်တပ်သားအချို့သည်လည်း ပြန်လည်ဆင်းသက်လာကာ ကျောက်တံတားကျောင်းထဲတွင် ရှိနေသေး​ကြောင်း သတင်းရရှိသည်။