မတ္တရာတွင် ပျူနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က အမျိုးသားနှစ်ဦး ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

Published on Feb 29, 2024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၇ ရက် နံနက်အစောပိုင်းက ပျူစောထီးနှင့် ပြည်သူ့စစ်ပူပေါင်းသည့်အဖွဲ့က ဒေသခံအမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

အင်အား ၉၀ ခန့်ပါသည့် ယင်းအဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၆ နာရီခန့်က မတ္တရာမြို့နယ် ရေနံသာကျေးရွာဘက်မှ ဆည်တော်လေးရေလှောင်တမံလမ်းခွဲအတိုင်း အရှေ့ဘက်သို့တက်လာပြီးနောက် ကိုရင်လေးတောင်ခြေတွင် ကားများရပ်ပြီးနောက် ကျေးရွာများကို စစ်ကြောင်းဝင်ထိုးခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီဘက်က Faw ကား လေးစီး၊ ကားလေး တစ်စီး စုစုပေါင်းကားငါးစီးနဲ့ ဆည်တော်လေးလမ်းခွဲ အတိုင်းတက်လာတယ်။ကို ရင်လေးတောင်ခြေနားမှာ ကားတွရပ် ခြေလျင်စစ်ကြောင်းထိုးပြီး ရွာထဲကအိမ်တွေကို မီးရှို့ကြတာ” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံက CJ Platform သို့ ပြောသည်။

 

ထိုစစ်ကြောင်း ဝင်ရောက်လာခြင်းကြောင့် သဲဖြူချောင်းကျေးရွာနေ အသက်(၃၈)နှစ်အရွယ်အ မျိုးသားတစ်ဦးနှင့် မြို့ဒင်ကျေးရွာရှိ အသက်(၅၈)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထွက်ပြေးစဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရကာ ဆင်ရွာသစ်ရွာအနောက်ဘက်တွင် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

“ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေတော့ရှိတယ်။ အဲဒီလိုရှိတာကြောင့် စကစဘက်က အထိနာလို့ ဖမ်းမိထားတဲ့ပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ထင်ပါတယ်” ဟု မတ္တရာမြို့နယ်ကာကွယ်ရေးတပ်ဖွဲ၏ သတင်းတာဝန်ခံက CJ Platform သို့ ပြောသည်။

 

ယင်းစစ်ကြောင်းသည် နံနက် ၇ နာရီခန့်တွင် မတ္တရာမြို့နယ်ရှိ  မြစ်ကမ်းကျေးရွာသို့ ဝင်ရောက်ပြီး နေအိမ် ၈လုံးကို မီးရှို့ခဲ့ပြီးနောက် ၁၀ နာရီခန့်တွင် ဆင်ရွာသစ်ကျေးရွာကို ဝင်ရောက်ကာ နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

 

ထို့နောက်  မွန်းလွဲ ၃ နာရီခန့်တွင် ကိုရင်လေးတောင်ခြေသို့ ပြန်လည်ဆုတ်ခွာခဲ့ပြီး မတ္တရာမြို့နယ် ဆင်ရွာသစ်၊ မြို့ဒင်နှင့် မြစ်ကမ်းကျေးရွာတို့ရှိ ပြည်သူပိုင်ပစ္စည်းများကို Faw ကားတစ်စီးဖြင့် ခိုးယူသွားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

၎င်းတို့ သတ်ဖြတ်ခဲ့သော သေဆုံးပြည်သူအလောင်းများကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကောင်းစွာသင်္ဂြိုလ်ပေးကြောင်း ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  သတင်းတာဝန်ခံက ဆက်လက်ပြောကြားသည်။

 

ဖေဖော်ဝါရီလ ၁၉ ရက်ကလည်း စစ်ကောင်စီ၏ အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၅ ဦးခန့်သည် မတ္တရာမြို့နယ်၊ စကားပင်ကျေးရွာအနီးရှိ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့၏ ကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့ကာ PDF ရဲဘော် သုံးဦးအပြင် စခန်းအနီးရှိ လူငယ်အမျိုးသား ၅ ဦးကိုပါ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။