မတ္တရာတွင် စစ်တပ်က ၂ ရက်ဆက်တိုက် လေယာဥ်ဖြင့် ဗုံးကြဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ်

Author မင်းထက်
Categories
Published on Nov 15, 2023

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကြဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံပြည်သူများက CJ Platform သို့ပြောသည်။

 

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်  ၁၀ နာရီ ၁၂ မိနစ်ခန့်တွင် မတ္တရာမြို့နယ်ရှိ ကျောက်ဆည်လေးနှင့် ကင်းရွာအနီးကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဥ်များဖြင့် ၃ ကြိမ် ဗုံးကြဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

“တိုက်ပွဲကတော့ မဖြစ်ဘူး။ လေယာဥ်နဲ့လာ ဗုံးကြဲသွားတယ်။ ကျောက်ဆည်လေး ဘုန်းကြီးကျောင်းနား တစ်လုံး၊ ကင်းရွာ ဘက်ကို နှစ်လုံးကျတယ်လို့ သိထားရတယ်။ ထိခိုက်မှုမရှိပဲ အိမ်တွေ ပျက်စီးမှုရှိကြောင်း သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

 

မတ္တရာမြို့နယ်အတွင်း နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ ကင်းရွာကို အင်အားအလုံးအရင်းဖြင့် စစ်​ကြောင်းထိုးလာသော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ထိခိုက်သေဆုံးသူ ၃၀ကျော် ရှိခဲ့ကာ ၊ ၁၀ ဦးကျော် ဒဏ်ရာရှိထားသောကြောင့် အထိနာခဲ့သော စစ်တပ်သည် နိုဝင်ဘာလ ၁၄ ရက်နေ့နှင့် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

“နို၀င်ဘာလ ၁၄ ရက်နေ့က ညနေ ၃၀ နာရီ ၂၀ လောက်မှာ ဂျက် A5 ၃ စင်းနဲ့ လာပစ်တာ နှစ်စင်းက ဗုံးချခဲ့တာ၊ တစ်စင်းကတော့ လေယာဥ်သုံးလက်နက်နဲ့ ပစ်တာ ။  ကင်းရွာ ပုထိုးတောင်၀န်းကျင်နဲ့ ကြပ်ပြင်ကျေးရွာ ဖက်ကိုပါဗျ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

 

လက်ရှိချိန်တွင်  စစ်တပ်၏ တိုက်လေယာဥ် ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ဗုံးကြဲပစ်ခတ်ခြင်းကြောင့် မတ္တရာမြို့နယ် ကျေးရွာ ၆ ရွာကျော်မှ စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိသည်။