မတ္တရာတွင် စစ်ကောင်စီတပ်က အရပ်သားတစ်ဦးကို သတ်ဖြတ်ပြီး လူ ၃၀ ခန့် ဖမ်းဆီးထား

Author ခေတ်နီ
Categories
Published on Dec 27, 2022

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းရွာအနီးတွင် စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စိန်ပန်းကုန်ရွာအနီးရှိ မြေနုကျွန်းတွင် အလုပ်လုပ်နေသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ် ဆောင်သွားပြီးနောက် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မနက်မှာ အဆိုပါ အမျိုးသား၏ အလောင်းကို တွေ့ရှိခဲ့ရတာပဲ ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း အဆိုပါ ကျေးရွာကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ပိုဝကျေးရွာကို ဝင်ရောက်ကာ ကျေးရွာအတွင်း တပ်စွဲထားပြီး ဒေသခံရွာသား ၃၀ ဝန်းကျင်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်းလဲ သိရသည်။

“မနေ့တည်းက ပိုဝမြောက်ရွာထဲကို ဝင်လာပီး ပြည်သူတွေကို ဖမ်းတယ် ရွာထဲပိတ်မိနေတဲ့သူတွေကို ရွာရဲ့ အနောက်မြောက်ဆုံး အိမ်ရဲ့ တောင်ဖက်က အိမ်ထဲမှာ ပိတ်ထားတယ်လူငယ် ၂ ယောက်ကိုလဲ ဘယ်ကိုဖမ်းသွားလဲမသိဘူး။သူတို့တပ်တွေ အခုထိ ရွာထဲမှာ ရှိတယ် ပြည်သူကို အကာကွယ်လုပ်ပီး နေနေတာ”ဟု သတင်းရင်းမြစ်က ဆိုသည်။

ထို့အပြင့် ယမန်နေ့ညပိုင်းမှာပဲ ပိုဝကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များမှ တိုက်ခိုက်ခဲ့ပြီး အရပ်သားတချို့ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။