မတူပီ စစ်ဘေးရှောင်အများစု နေထိုင်သည့် စစ်ရှောင်စခန်း မီးလောင်မှုကြောင့် အကူညီများလိုအပ်နေ
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်၊ အိုင်ဇောခရိုင်အတွင်း မတူပီစစ်ရှောင်အများစု နေထိုင်သည့် Sihhmui စစ်ရှောင်စခန်း (၂) မီးလောင်မှုဖြစ်စဉ်အတွင်း မီးဘေးသင့် အိမ်ထောင်စု ၈ စုအတွက် အရေးပေါ်ကူညီမှုများ လိုအပ်နေ ကြောင်း Sihhmui စစ်ရှောင်စခန်း (၂) မှ တာဝန်ခံ ဦးရာငိုက်မှ CJ Platform သို့ ပြောသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည (၆)နာရီခန့်တွင် မီးဖိုချောင်ထင်းမီးမှတဆင့် မီးလောင်မှုဖြစ်ပွားမှု ဖြစ်ပွားခဲ့ပြီး ထို ညတွင်းချင်း Sihhmui YMA နှင့် Network For Unity Association (NUA) အဖွဲ့မှလည်း လာရောက်ကူညီပေးခဲ့ကြကာ ယနေ့မနက်တွင် ၎င်းတို့အဖွဲ့တို့မှ နေအိမ်ကိုပြန် တည်ဆောက်နိုင်ရန် ကူညီပေးခဲ့ကြကြောင်း ၎င်းကပြော သည်။
“ဒေသခံတွေကလည်း လိုအပ်တဲ့ဝါးကူညီပေးတယ် အဓိကလိုအပ်ချက်ကတော့ ၊ အမိုးအကာတွေ ၊သွပ်မိုးတွေ လိုအပ်ပါတယ်” ဟု Sihhmui စစ်ရှောင်စခန်း (၂) မှ တာဝန်ခံ ဦးရာငိုက်မှ ပြောသည်။
နေအိမ်မီးလောင်မှုတွင် ဦးပါဘတ်၊ ဦးထန်းကိမ်း၊ ဦးဘွေဆန်း၊ ဦးပါကြွယ်၊ ဦးလိုင်းထန်၊ ဒေါ်ဟန်စန်၊ ဦးပါထန်း၊ ဦးခေါ်သွေး တို့နေအိမ်ဖြစ်ကြောင်း သိရပြီး မီးလောင်ကျွမ်းခဲ့ရသည့် နေအိမ်တစ်လုံးတန်းဖိုးမှာ ရူပီ ၅၀၀၀၀ ခန့်ရှိကြောင်း သိရသည်။
Sihhmui စစ်ရှောင်စခန်း (၂) တွင် အိမ်ထောင်စု ၇၉ ၊ လူဦးရေ ၃၅၀ ခန့်နေထိုင်ကြပြီး ကြုံရာကျပန်းလုပ်ငန်းများ လုပ်ဆောင်ကာ ဝမ်းရေးအတွက် ဖြေရှင်းနေရကြောင်း သိရသည်။