မတူပီရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်များ ဝင်စီးပြီးနောက် နေအိမ်များအပါအဝင် အသုံးဝင်ပစ္စည်းများကို မီးရှို့ဖျက်ဆီး

Author မယ်ဘယ်ကိုး
Categories
Published on Feb 09, 2024

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း အခြေချထားသော စစ်ကောင်စီ၏ ၃၀၄ တပ်ရင်းသည် ကျေးရွာအချို့ကို ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်၊ စပါးကျီများအပါအဝင် အသုံးဝင်မည့်ပစ္စည်းများအားလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ သတင်းနှင့် ပြန်ကြားရေးအဖွဲ့တာဝန်ခံ ဆလိုင်း ဗန်ထောင်းက CJ Platform သို့ ပြောသည်။

 

၃၀၄ တပ်ရင်းမှ ခြန်းပြန်း(ခ)ကျေးရွာအတွင်းသို့ ဖေဖော်ဝါရီလ ၁ ရက်နေ့က အင်အား ၂၀ဝ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကျေးရွာအတွင်းရှိနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာတွင် နေအိမ်(၃၈)လုံး၊ စာကြည့်တိုက် တစ်လုံးနှင့် စပါးကျီ တစ်လုံးတို့ပျက်စီးခဲ့ရပြီး စပါးတင်းပေါင်း (၇၀) ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၎င်းက ပြောသည်။

“ပျက်စီးမှုက ဒီထက်ပိုများနိုင်တယ်။ ကျေးရွာတွေထဲ နယ်မြေရှင်းလင်းရေးတွေ လုပ်တာလည်း မပြီးသေးတော့ ပျက်ဆီးမှုအတိအကျကိုတော့ အခုချိန်မှာ ပြောလို့မရနိုင်သေးဘူး” ဟု အထက်ပါ တာဝန်ခံက ပြောသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင်လည်း ရက္ခိုင့်တပ်တော် AA ၏ တိုက်ခိုက်မှုကြောင့် ပလက်ဝမြို့နယ်မှထွက်ပြေးလာသည့် စစ်ကောင်စီတပ်များသည် လုံပန်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ရာ ဝက် ၁၀ ကောင်၊ ဆိတ် သုံးကောင်နှင့် ကြက်အများအပြားကို သတ်စားခဲ့ကြသည့်အပြင် ပြည်သူပိုင်ဆိုင်ကယ် ရှစ်စီးနှင့် ဆိုလာများကို ဖျက်စီးကာ နေအိမ်အများစုမှ အဝတ်အစားများကို ခိုးယူခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

 

“ဆေးပေးခန်းက ဆေးတွေကိုလည်း မီးရှို့ပစ်ကြတယ်” ဟု ဆလိုင်း ဗန်ထောင်းက ပြောသည်။

ထို့ပြင် စန်တပ်ကျေးရွာရှိ ကုန်စုံဆိုင်တစ်ခုမှ ပစ္စည်းအားလုံးကိုလည်း ခိုးယူခဲ့ပြီး ဆိုင်ကယ် လေးစီးနှင့် ဆိုလာ အများအပြားကို မီးရှို့ခဲ့သည့်အပြင် ပြည်သူပိုင်နေအိမ်များမှ အဝတ်အစားများကို ထပ်မံခိုးယူခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ မတူပီမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံအရပ်သားများ စစ်ဘေးရှောင်နေကြရပြီး ၎င်းတို့အတွက် ဆေးဝါး၊ စားနပ်ရိက္ခာနှင့် ကူညီကယ်ဆယ်ရေးများ အရေးပေါ်လိုအပ်နေသည့်အတွက် ကူညီပေးကြပါရန် ယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးက မေတ္တာရပ်ခံထားသည်။

 

ယင်းအဖွဲ့အနေဖြင့် အင်တာနက်လိုင်း၊ ဖုန်းလိုင်းအခက်အခဲများကြောင့် သတင်းတင်ပြမှု နှောင့်နှေးခြင်းများရှိနေကြောင်း ဆိုသည်။