မတူပီစစ်ဘေးရှောင်အများစုနေထိုင်သည့် Khamrang စစ်ရှောင်စခန်း တွင် မုန်တိုင်းတိုက်ခတ်မှု ကြောင့် နေအိမ် (၄)လုံးပျက်စီး

Author မယ်ဘယ်ကိုး
Categories
Published on Mar 31, 2024

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်၊ Kolasibခရိုင်၊ မတူပီစစ်ရှောင်အများစုနေထိုင်သည့် Khamrang စစ်ရှောင်စခန်း တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ် (၄) လုံးပျက်စီးခဲ့ကြောင်း  Khamrang Camp စစ်ရှောင်ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးလုံးလျန် မှ CJ Platform သို့ပြောသည်။

 

မတ်လ ၃၁ ရက်နေ့ မနက် (၇) နာရီ ခန့်မှ (၉)နာရီ ခန့်အထိ မိုးပြင်းထန်ရွာသွန်းကာ မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ် (၄) လုံးခန့်ပျက်စီးခဲ့သည့်အပြင် ကြက်ခြံ၊ ဝက်ခြံများနှင့် အိမ်သာများလည်း ပျက်စီးခဲ့ကြောင်း သိရသည်/

 

“ လူတွေကတော့ဘာမှ ထိခိုက်မှုမရှိပေမဲ့ ပျက်စီးသွားတဲ့ နေအိမ်ရဲ့ အမိုးကာတွေကတော့ ဘာမှရစရာမရှိတော့ဘူး၊ အိမ်ထဲက စောင်တွေ ၊ စာအုပ်စာတမ်းတွေ ပစ္စည်းတွေလည်း အကုန်စိုကုန်တယ် ” ဟု Khamrang Camp စစ်ရှောင်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလုံးလျန် မှဆိုသည်။

 

လက်ရှိတွင် နေအိမ်ပျက်စီးမှုဒဏ်ခံရသည့် မိသားစုဝင်များအနေဖြင့် တစ်ခြားသော လုံခြုံရာနေအိမ်များတွင် နေထိုင်နေပြီး အသေးစိတ်ပျက်စီးမှုစာရင်းကို ဆက်လက် ‌ကောက်ယူနေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

“ အရေးပေါ်လိုအပ်တာတွေကတော့ မိုးကာနှင့် သံကြိုးတွေလိုအပ်တယ် အခုထိတော့ ကျွန်တော်တို့ ရာသီဥတုအခြေအနေတွေ ဘယ်လိုလာမလဲ မသိသေးတော့ ပြန်ပြင်ဖို့ ခက်နေသေးတယ်”  ဟု Khamrang Camp စစ်ရှောင်ကော်မတီ တွဲဖက်အတွင်းရေးမှူး လုံးလျန် မှဆိုသည်။

 

Khamrang စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၂ ၊ လူဦးရေ ၉၀ ခန့်နေထိုင်ကြပြီး ကြုံရာကျပန်းလုပ်ငန်းများ ပြုလုပ်ကာ စားဝတ်နေရေးအတွက် ဖြေရှင်းနေရသည့် စစ်ရှောင် camp တစ်ခုလည်း ဖြစ်သည်။