မတူကွဲပြားမှုကို သာလွန်အင်အားအဖြစ်အသုံးချကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လက်တွဲကြိုးပမ်းသွားရန် CRPH ခရစ္စမတ်ဆုမွန်ကောင်းတောင်း

Author လင်းခိုင်
Categories
Published on Dec 25, 2022

မတူကွဲပြားမှုကို သာလွန်အင်အားအဖြစ်အသုံးချကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလက်တွဲကြိုးပမ်းသွားရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ယနေ့(ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့)တွင် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ယေရှုဘုရားသခင် မွေးဖွားသန့်စင်သည့်နေ့ကို ခရစ္စမတ်နေ့အဖြစ် သတ်မှတ်ပြီး ခရစ္စယာန်ဘာသာ၀င်များ၏ ချစ်စရာဓလေ့ထုံးတမ်းများဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပပြုလုပ်လေ့ရှိသည့် ဒီဇင်ဘာ ၂၅ရက်တွင် ခရစ်ယာန်ဘာသာ၀င် ပြည်ထောင်စုတိုင်းရင်းသားများအားလုံးနှင့်အတူ မြန်မာပြည်သူအပေါင်း ကောင်းကျိုးအဖြာဖြာပြည့်စုံကာ ကိုယ်စိတ်နှလုံး အေးချမ်းပျော်ရွှင်နိုင်ပါစေကြောင်း CRPH က ဆုမွန်ကောင်းတောင်းထားသည်။

စစ်အာဏာရှင်တို့၏ ဥပဒေမဲ့ လုပ်ရပ်များ မတရားမှုများ တွန်းလှန်ဆန့်ကျင်နေသည့် နွေဦးတော်လှန်ရေးတွင် ခရစ်ယာန်ဘာသာ၀င်များသည် အခြားဘာသာ၀င်များနှင့်အတူ အမှန်တရားအား တန်ဖိုးထားကာ လက်တွဲညီညီ ချိတ်ဆက်ပူးပေါင်းပါ၀င်နေကြသည့်အတွက် ဂုဏ်ယူ၀မ်းမြောက်ရကြောင်း CRPH သ၀ဏ်လွှာတွင် ဆိုထားသည်။

ထို့ပြင် ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် အဓိကအခန်းကဏ္ဍမှ ပါ၀င်ခဲ့သည့် ခရစ်ယာန်လူမျိုးတို့၏ သမိုင်းသည် ယနေ့ထိ အမှတ်တရဖြစ်နေဆဲဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်တို့အတွက်သာမက နိုင်ငံတော်အတွက် တစိုက်မတ်မတ် ကြိုးပမ်းမှုများသည် မကြာမီ အောင်မြင်မှု အသီးအပွင့်များအဖြစ် မြင်တွေ့ခံစားကြရမည်ဟု သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ကြောင့် မတူကွဲပြားမှုများကို သာလွန်အင်အားအဖြစ် ထိရောက်စွာ အသုံးချကာ၊ တည်ဆောက်ထားပြီးသည့် ညီညွတ်ခြင်းအင်အားကို ဆက်လက်ထိန်းသိမ်းလျက် ဖက်ဒရယ်စနစ်နှင့် အားလုံးပါ၀င်သည့် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းမှုတွင် အတူတကွ လက်တွဲကြိုးပမ်းသွားကြရန် တိုက်တွန်းလျက် ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့ဖြစ်ပါကြောင်း CRPH က ဆုတောင်းမေတ္တာပို့ထားသည်။

 

Related News

Depend on news