မတရားဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးမှုသည် စစ်ကောင်စီ၏ ထွက်ပေါက်အတွက် လုပ်ဆောင်နေခြင်းသာဖြစ်ဟု ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Nov 18, 2022

မတရားဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးမှုသည် စစ်ကောင်စီ၏ ထွက်ပေါက်အတွက် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်မြောက်လာမှုအပေါ် NUG၊ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့(နို၀င်ဘာ ၁၈) တွင် အရေးပေါ် အခြေပြမိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

စစ်အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုသည် အမျိုးသားရေးနေ့ကို အကြောင်းပြုပြီး ချုပ်နှောင်ခံ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့ကြောင်း၊ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများအတွက် ၀မ်းမြောက်မိကြောင်း၊ သို့သော်လည်း သမ္မတကြီး ဦး၀င်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်၊ ထောင်ချီသည့် သွေးချင်းရဲဘော်ရဲဘက်များဖြစ်သော နွေးဦးတော်လှန်ရေး၏ သူရဲကောင်းများစွာသည် အကျဉ်းစခန်းအသီးသီး၌ မတရားဖမ်းဆီးအကျဉ်းချခံထားရဆဲ၊ နှိပ်စက်ညှဉ်းပန်းခံနေရဆဲ၊ အသက်ပေးနေရဆဲ၊ နေ့စဉ်နှင့်အမျှမတရားဖမ်းဆီးခံနေရဆဲဖြစ်ကြောင်း ယာယီသမ္မတကပြောကြားသည်။

“မတရားဖမ်းဆီးခံရတဲ့ အကျဉ်းသားများကိုလွှတ်ပေးတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လွှတ်ပေးတာကို ကြည့်လိုက်ရင် အပေါ်ယံမျှသာဖြစ်သော သက်ညှာသနားမှုရှိသလိုထင်မြင်ယူဆစရာရှိပေမယ့်။ တကယ့်အတွင်းကျကျ ပြန်ကြည့်ရင် ယခုလို လုပ်ဆောင်မှုဟာ သူတို့ရဲ့ထွက်ပေါက်အတွက် လုပ်ဆောင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာဖြစ်ပါ တယ်”ယာယီသမ္မတကပြောကြားသည်။

ထို့ပြင် မတရားအကျဉ်းကျ ခံနေရသူများကို လွှတ်ပေးခြင်းသည် ပြည်သူများနှင့် နိုင်ငံတကာ ဖိအားကြောင့်သာဖြစ်ကြောင်း၊ လွှတ်ပေးလိုက်သည့် ပုဂ္ဂိုလ်များသည် တရားမျှတမှုအတွက် ရပ်တည် တိုက်ပွဲ၀င်ခဲ့သူများဖြစ်သလို၊ နဂိုမူလထဲက ဖမ်းဆီးချုပ်နှောင် ထောင်ချစရာ မလိုသူများဖြစ်ကြောင်း၊ ယင်းက ဆက်လက်ပြောကြားသည်။

“အာဏာသိမ်း စစ်အုပ်စုဟာ အပြစ်မဲ့သူတွေကို မမှန်ကန်တဲ့ စွပ်စွဲချက်တွေနဲ့ သူတို့ရဲ လက်ခုပ်ထဲက တရားရုံးတွေထဲမှာ တစ်ဖတ်သက် စီရင်ချက်ချခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ မတရားအကျဉ်းချဖမ်းဆီးခံရသူများကို လွှတ်ပေးခဲ့ပေမယ့်။ နိုင်ငံအနှံ့က သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတာတွေကို နေ့စဉ် ရက်ရက်စက်စက် ပြုကျင့်နေတာဖြစ်ပါတယ်” ဟု ယာယီသမ္မတ ကပြောကြားသည်။

အာဏာသိမ်း စစ်အုပ်စုသည် မီးစာ တစ်ဖက်၊ ရေမှုတ်တစ်ဖက်ကို အသုံးပြုပြီး သက်ညှာသနားမှုရှိသလိုဖြင့် ရက်စက်ယုတ်မာမှု စရိုက်ရှိသည်ကို သတိထားရန်လိုကြောင်း၊ ခရီးဆုံးပန်းတိုင် မရောက်သေးသည့်အတွက် ဆက်လက်ချီတက်ရန် လိုနေသေးကြောင်း၊ စစ်အာဏာရှင် အဆက်ဆက်၏ လုပ်ဆောင်ချက်များကို သတိထားကာ ပန်းတိုင်ကို မေ့ပျောက်ရန် မဖြစ်ကြောင်း၊ အတိတ်သမိုင်းတွင် စစ်အာဏာရှင်သည် လူထုကို ချော့မြူလိုက်၊ စော်ကားလိုက် ပြုလုပ်ကြောင်း၊ ယခုတွင် ချော့မြူသလိုဖြင့် လူထုအသက်ကို စစ်ကောင်စီက အာဏာအတွက် စတေးနေကြောင်း ယာယီသမ္မတကပြောကြားသည်။

အကျဉ်းထောင် အသီးသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရဆဲ ခေါင်းဆောင်များ၊ ပြည်သူများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းများအနေနဲ့ စစ်အုပ်စုအပေါ် ဆက်လက်ဖိအားပေးရန် အလေးအနက်ပန်ကြားသည်ဟု ယာယီသမ္မတက မိန့်ခွင်းတွင် တောင်းဆိုခဲ့သည်။

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ