မဏိပူရ်တွင် ဖမ်းခံရသည့် မြန်မာစစ်ဘေးဒုက္ခသည်များ လွတ်ရက်စေ့သော်လည်း မလွှတ်ပေး၍ အစာငတ်ခံဆန္ဒပြ ⬛ ဆန္ဒပြအမျိုးသမီးများ ရိုက်နှက် နှိပ်စက်ခံရ

Author ခေတ်နီ
Categories
Published on Dec 20, 2023

မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ်ရှိ အကျဥ်းထောင်တွင် တရားမဝင် ဝင်ရောက်နေထိုင်သည်ဟုဆိုကာ နိုင်ငံခြားသား ဥပဒေ(Foreigner Act)ဖြင့် မြန်မာစစ်ဘေးရှောင်များဖမ်းဆီးခံခဲ့ရကြောင်း India for Myanmar အဖွဲ့ထံမှ သိရသည်။

 

ထိုသို့ဖမ်းဆီးခံရပြီးနောက် ငွေဒဏ်နှင့် ထောင်ဒဏ်ချမှတ်ခံရပြီး ပြစ်ဒဏ်ကာလပြီးဆုံးသော်လည်း ထောင်အာဏာပိုင်များက ပြန်မလွှတ်ပေးခြင်းကြောင့် ဒီဇင်ဘာလ ၁၆ ရက်မှစတင်ပြီး ကလေးငယ် ၆ ဦးအပါအဝင် အမျိုးသမီး ၃၆ ဦးသည် အစာငတ်ခံဆန္ဒပြနေကြခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။

 

“Foreigner Act နဲ့ အဖမ်းခံတာပါ။ ဆန္ဒပြတာက ၁၅ ရက်နေ့မှာ လွှတ်မယ်ပြောတာကို မလွှတ်လို့ ၁၆ ရက်နေ့မှာပြတယ်။ ၁၈ ရက်နေ့မှာ အရိုက်ခံရတယ်။ ရဲယောကျာ်းလေးတွေ ဝင်ရိုက်တယ်ပေါ့။ ရိုက်တဲ့အခါမှာလည်း မိန်းကလေးတွေ ထဘီကျွတ်ကျတဲ့အထိရိုက်တယ်။ ပါးတွေရိုက်တယ်။ မိန်းကလေးထောင်မှာ ဖြစ်တာပေါ့” ဟု India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ဆိုသည်။

 

ထို့သို့ မဏိပူရ်ရဲများ၏ ထောင်တွင်း ရိုက်နှက်နှိပ်စက်မှုကြောင့် မြန်မာစစ်ဘေးရှောင် အမျိုးသမီးများတွင် ထိခိုက်ဒဏ်ရာများရရှိထားကြောင်း သိရသည်။

 

ထို့ပြင် အစာငတ်ခံဆန္ဒပြသည့် အမျိုးသမီးများကို အာဏာပိုင်များက ညအိပ်ချိန်တွင် အဆောင်တွင်း ပေးမဝင်ဘဲ နှင်းကျနေသည့်ကွင်းပြင်တွင်သာ အိပ်ခိုင်းကြောင်း ISM ထံမှ သိရသည်။

 

ထိုသို့  အမျိုးသမီးထောင်တွင် ရိုက်နှက်ခံရမှုများကြောင့် ထိန်းသိမ်းရေးစင်တာတွင် ထိန်းသိမ်းခံရသည့် အမျိုးသားအကျဥ်းသားများကလည်း အစာငတ်ခံဆန္ဒပြမှုတွင်ပါဝင်လာပြီး ယနေ့အထိ မဏိပူရ်ပြည်နယ် အကျဉ်ထောင်အတွင်း ဆန္ဒပြမှုများဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

 

မြန်မာ-အန္ဒိယ နယ်စပ် ချင်းပြည်နယ်အတွင်း စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မဏိပူရ်ပြည်နယ်အတွင်းသို့ စစ်ဘေးရှောင်နေရသူ ၅၀၀၀ ဦးကျော်အထိရှိနေပြီး ပြည်နယ်တွင်းဖြစ်ပေါ်နေသည့် ပဋိပက္ခများအကြား စစ်ဘေးရှောင်များ၏ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားရေးအခြေအနေများမှာ စိုးရိမ်နေရကြောင်းသိရသည်။

 

အဆိုပါထောင်တွင်းဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး မဏိပူရ်ပြည်နယ်အစိုးရက တစ်စုံတရာထုတ်ပြန်ခြင်းမရှိသေးဘဲ CJ Platform အနေဖြင့် အသေးစိတ်သိရှိနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိသံရုံးထံ ဆက်သွယ်မေးမြန်း‌နေဆဲဖြစ်သည်။