မင်္ဂလာဒုံ စစ်ကောင်စီပျဉ်းမပင်နို့ချက်စက်ရုံတွင် ပစ်ခတ်မှုဖြစ် လုံခြုံရေးဝန်ထမ်းတစ်ဦး သေဆုံး

Author အောင်နိူင်သူ
Categories
Published on Oct 07, 2022

စစ်ကောင်စီတပ်ပိုင်ဆိုင်သည့် မင်္ဂလာဒုံမြို့နယ် တပ်မတော်ပျဉ်းမပင်နို့ချက်စက်ရုံတွင် ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှု့ဖြစ်ခဲ့ရာ လုံခြုံရေးဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ရန်ကုန်-ပြည်လမ်းရှိ စစ်တပ်ပိုင်နို့ချက်စက်ရုံကို ယနေ့ နံနက်ပိုင်းက ကားတစ်စီးပေါ်မှ ပစ်ခတ်ခဲ့ရာ လုံခြုံရေးဝန်ထမ်းတစ်ဦး သေဆုံးသွားသည်ဟု မြို့ခံတစ်ဦးက CJ Platform ကို ပြောသည်။

“မနက်ရှစ်နာရီလောက် သေနတ်တွေနဲ့ဆက်တိုက်ပစ်တာ ခြောက်ချက်လောက်ရှိမယ် တစ်ဦးသေတယ်ပြောတယ်
ဒဏ်ရာရတဲ့သူလည်းရှိတယ် သေတာက လုံခြုံရေးဝန်ထမ်း အရင် စစ်တပ်မှာ တာဝန်ထမ်းဆောင်တာ”ဟု ရှင်းပြသည်။

ပစ်ခတ်မှု့ဖြစ်ပြီးနောက် ပျဉ်းမပင်နို့ချက်စက်ရုံကို စစ်ကောင်စီတပ်များရောက်လာကာ သေဆုံးသူကို လူနာတင်
ယာဥ်ဖြင့် တင်ကာ မဂ်လာဒုံစစ်ဆေးရုံကို ပို့ဆောင်လိုက်သည်ဟု ဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့်ရဲတွေက ရန်ကုန်-ပြည်လမ်းတစ်လျှောက် ကားတွေကို စစ်ဆေးနေသည်ဟု သူကပြောသည်။

ယမန်နေ့ ညပိုင်းကလည်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ၁ ရပ်ကွက်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ စမ်းချောင်း၊မရမ်းကုန်း၊ ရွှေပြည်သာနှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပစ်ခတ်မှုနှင့်ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။